
ပရီးမီးယားလိဂ်လေးပွဲဆက်ရှုံးနိမ့်မှုကြောင့် အရမ်းနာကျင်ရတယ်လို့ ထုတ်ပြောခဲ့တဲ့ ပိုစတီကိုဂလူ
လက်စတာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် တော့တင်ဟမ်အသင်းရဲ့ပုံစံကောင်းပျောက်ဆုံးနေမှုက ဆက်လက်တည်ရှိနေခဲ့ပြီး နည်းပြပိုစတီကိုဂလူကိုယ်တိုင်လည်း လတ်တလောလိဂ်လေးပွဲဆက်ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးလာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ရုန်းကန်နေရတဲ့ လက်စတာကို ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်အဖြစ် ရှုံးနိမ့်ပြီးနောက် ပွဲနေ့တွေကို ဖြတ်သန်းပြီးချိန်တိုင်းမှာ တောတ့င်ဟမ်ရဲ့ဘောလုံးရာသီက အဆိုးဆုံးအဆင့်မှ အဆိုးဝါးဆုံးအဆင့်ဆီ ကူးပြောင်းရောက်ရှိလာခဲ့ပါတယ်။ အခုအချိန်မှာ ပိုစတီကိုဂလူက တော့တင်ဟမ်ရဲ့ကစားပုံဆိုးရွားမှုအကြောင်း ဖွင့်ဟလာခဲ့သလို အခုလိုရှုံးနိမ့်မှုတွေကြောင့် အရမ်းနာကျင်ရတယ်လို့ ရှင်းပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရုပ်သံနဲ့တွေ့ဆုံချိန် ပိုစတီကိုဂလူက “ မှန်ပါတယ်၊ နာကျင်ရပါတယ်။ အရမ်းနာကျင်ရပါတယ်။ ကစားသမားတွေကိုယ်တိုင်လည်း အရာရာတိုင်းကို ပေးဆပ်ပြီး ကစားခဲ့ပါတယ်။ ကျွန်တော်တို့တွေ ကိစ္စအတော်များများကို လေ့လာကြည့်ရှုသွားရပါလိမ့်မယ်။ ဒါပေမယ့် ထိရောက်မှုဆိုတဲ့စကားရပ်နဲ့ပတ်သက်လို့ အသင်းကစားသမားတွေဆီ အခုထက်ပိုပြီး မတောင်းဆိုနိုင်တော့ပါဘူး။ ဒီနေ့မှာ ကိစ္စတိုင်းက ကျွန်တော်တို့လိုချင်တဲ့အတိုင်း မဖြစ်လာခဲ့ပါဘူး။ ကျွန်တော်တို့တွေ ကောင်းမွန်တဲ့အခိုက်အတန့်အချို့ကို ဖန်တီးနိုင်ခဲ့ပြီး ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ ကံမကောင်းစွာနဲ့ဘဲ ကိစ္စတွေက ကျွန်တော်တို့လိုချင်တဲ့အတိုင်း မဖြစ်လာခဲ့ပါဘူး။ ဒါက အဓိကအချက်ဖြစ်ပါတယ်။
ကစားသမားတွေလည်း တက်နိုင်သမျှ အရာရာတိုင်းကို ပေးဆပ်ကစားနေပါတယ်။ နည်းပြတစ်ဦးအဖြစ်၊ ကလပ်အသင်းတစ်ခုအဖြစ် ကျွန်တော်တို့ တောင်းဆိုနိုင်တာ ဒီလောက်ပါပဲ။ သူတို့တွေ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်နေပြီး ဒါကိုပဲ လူတိုင်းဆီ တောင်းဆိုခဲ့ပါတယ်။ ဂိုးတွေကို ပြန်လေ့လာကြည့်နိုင်ပါတယ်။ ပေးလိုက်ရတဲ့ဂိုးတွေက စိတ်ပျက်စရာပုံစံမျိုးတွေပါပဲ။ ဒါပေမယ့် အမြင့်ဆုံးအထိရောက်ရှိနိုင်ဖို့ ပွဲစဉ်အတွင်းမှာ အခွင့်အရေးဖန်တီးမှု လုံလုံလောက်လောက်ရှိခဲ့တယ်လို့ ယူဆမိခဲ့ပါတယ်”လို့ ပြောပါတယ်။
တော့တင်ဟမ်ရဲ့ကစားပုံဆိုးရွားနေမှုနဲ့ပတ်သက်လို့ ပိုစတီကိုဂလူက “အခုလိုအခြေအနေမျိုးမှာ ကစားသမားတွေလည်း သူတို့တက်နိုင်သလောက် အစွမ်းကုန်ကြိုးစားနေပြီး တခါတလေတော့ ဆုံးဖြတ်ချက်တွေ ရှင်းလင်းလင်းလင်းပြတ်ပြတ်သားသား မချမှတ်နိုင်ခဲ့ပါဘူး။ ပရိသတ်တွေအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ဖို့ တောင်းဆိုနိုင်ပါတယ်။ ကျွန်တော့်ကတော့ တက်နိုင်သမျှ အရာရာတိုင်းပေးဆပ်နေတဲ့ ကစားသမားတွေလို့ပဲ ရှုမြင်မိပါတယ်။အလှည့်အပြောင်းတွေ ရောက်ရှိလာလိမ့်မယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒီနေ့မှာတော့ ကစားသမားအင်အား နည်းပါးနေခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်သီတင်းပတ်တွေမှာတော့ တကယ့်ကိုအရေးပါတဲ့ကစားသမားအချို့ ပြန်လာနိုင်မှာဖြစ်လို့ အသင်းအတွက် အကူအညီဖြစ်စေလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်။
ကျွန်တော်တို့တွေ အရမ်းတော့ ဒေါသမထွက်မိပါဘူး။ ဒါမျိုးတွေနဲ့ကြုံတွေ့ရတာ နှစ်လလောက် ရှိနေပါပြီ။ ဥရောပအဆင့်မှာ ကျွန်တော်တို့တွေ ဆက်ရှိနေရေးသေချာအောင် ကြာသပတေးနေ့မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ဖို့ ကစားသမားတွေ ကြိုးစားခဲ့ရပါတယ်။ ဒီနေ့မှာလည်း အဲ့ဒီလိုမျိုး ထပ်လုပ်ပြဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် အနည်းဆုံးကစားသမားနှစ်ဦး၊ သုံးဦးလောက်က ရာနှုန်းပြည့်ပုံစံကောင်းမှာ မရှိနေခဲ့ပါဘူး”လို့ ပြောပါတယ်။ တော့တင်ဟမ်က လာမယ့်ရက်ပိုင်းအတွင်းမှာ အယ်လ်ဘော့နဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားပြီးနောက် ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။