The network connection is lost.

Banner Image

အသင်းဖော်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို ယုံကြည်မှုအပြည့်အဝရှိကြောင်း ပြောကြားလာတဲ့ ကူကူရယ်လာ

ချဲလ်ဆီးနောက်ခံလူ မာ့ခ်ကူကူရယ်လာက မကြာသေးမီကာလတွေမှာ အမှားတွေပြုလုပ်ခဲ့တာကြောင့် ရုန်းကန်နေရတဲ့ အသင်းဖော်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်အပေါ် ယုံကြည်မှုအပြည့်အဝရှိနေကြောင်းနဲ့ ပုံမှန်အတိုင်း လက်စွမ်းပြန်ပြနိုင်မယ်လို့ မျှော်လင့်ထားကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ချဲလ်ဆီးနည်းပြသစ်အန်ဇိုမာရက်စ်ကာရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပြီး အသင်းရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။သို့သော်လည်း ဆန်းချက်ဇ်ဟာ မကြာခဏ အမှားလုပ်တတ်သူဖြစ်ပြီး ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့လာခဲ့ရတာဖြစ်ပါတယ်။ 

မကြာသေးမီက မန်စီးတီးကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ဆန်းချက်ဇ်ဟာ အမှားပြုလုပ်ခဲ့မိပြီး သွင်းဂိုး ၁ ဂိုးခွင့်ပြုခဲ့ရတာကြောင့် အင်္ဂါနေ့နံနက်က ဝက်စ်ဟမ်းကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။ မာရက်စ်ကာအနေနဲ့ အဆိုပါလန်ဒန်ဒါဘီပွဲစဉ်မှာ ဆန်းချက်ဇ်ကို အနားပေးပြီး နွေရာသီမှာခေါ်ယူထားခဲ့တဲ့ ဂိုးသမားသစ် ဖိလစ်ဂျော်ဂျင်ဆန်ကို ပွဲထွက်ကစားစေခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာလည်း မာရက်စ်ကာက “လောလောဆယ်မှာတော့ ဆန်းချက်ဇ်က အနားယူဖို့လိုအပ်နေပြီး၊ ဂျော်ဂျင်ဆန်ကလည်း အရမ်းကောင်းခဲ့ပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဆန်းချက်ဇ်တစ်ယောက် ပြန်လည်ပွဲထွက်လာနိုင်မလား စောင့်ကြည့်ဖို့လိုအပ်နေပါတယ်။ 

ယခုအခါ ဆန်းချက်ဇ်နဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ရာမှာ ကူကူရယ်လာက “အခုလို ပွဲထွက်ခွင့်မရခဲ့တာက ခက်ခဲပါတယ်။ သူ့အနေနဲ့ ဘောလုံးပြင်ပကိုထွက်ပြီး နည်းနည်းအနားယူလိုက်တာမျိုး လုပ်သင့်တယ်လို့ထင်ပါတယ်။ ဒီအသင်းကိုရောက်လာတဲ့ကစားသမားတိုင်းမှာ ခက်ခဲတဲ့အချိန်တွေရှိကြတာပါပဲ။အရေးကြီးဆုံးက အလုပ်ကြိုးစားဖို့ပါပဲ။ သူ့အနေနဲ့ အဆင်သင့်ဖြစ်တဲ့အချိန်ကျရင် အခွင့်အရေးပြန်ရလာမှာပါပဲ”

“ကျွန်တော်သူ့ကို စိတ်အေးအေးထားဖို့ပြောခဲ့ပါတယ်။ ဒါက လူတိုင်းမှာဖြစ်ပျက်နေကျအရာပါ။ အရေးကြီးဆုံးအချက်က သူ့အနေနဲ့ အလုပ်ကောင်းကောင်းကြိုးစားဖို့ပါပဲ။ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့ဆိုတာ အလုပ်ကြိုးစားမှပဲရပါမယ်။ ကျွန်တော်သူ့ကို ဘရိုက်တန်မှာကတည်းက သိခဲ့တာပါ။ကျွန်တော်တို့က သူငယ်ချင်းအရင်းကြီးတွေဖြစ်ခဲ့ကြပြီး သူလိုအပ်ချိန်တိုင်း ကျွန်တော်ရှိနေမှာပါ။ ဒီနေ့မှာအရေးကြီးတာကတော့ အသင်းက အနိုင်ရခဲ့ပြီး ၃ မှတ်အပြည့်ရခဲ့ပါတယ်။ ဘယ်သူတွေပဲ အသင်းမှာကစားလဲ အရေးမကြီးပါဘူး။ အရေးကြီးတာ အနိုင်ရဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။