ပုံမှန်အခြေအနေဆီ ရီးရဲလ်မက်ဒရစ်အသင်း ပြန်လည်ရောက်ရှိလာပြီလို့ ကြွေးကြော်လိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်အသင်းက ယမန်နေ့ညပိုင်း၊ ဆန်တီယာဂိုဘာနေဗျူးမှာ ဆီဗီလာကို ၄-၂ ဂိုးဖြင့် အနိုင်ယူပြီး ၂၀၂၄ ခုနှစ်ကို အမြင့်ဆုံးစံနှုန်းနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။ အခုနိုင်ပွဲနဲ့အတူ သူတို့တွေက ဘာစီလိုနာကို ကျော်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းလာခဲ့ပြီး ထိပ်ဆုံးနေရာရှိ အက်သလက်တီကိုမက်ဒရစ်နဲ့ တစ်မှတ်အကွာမှာ ရပ်တည်နေပါတယ်။
အန်ဆယ်လော့တီကိုယ်တိုင်ကလည်း ဆီဗီလာနဲ့မိနစ် ၉၀ စာပြိုင်ဆိုင်မှုအပေါ် သူ့ရဲ့အကဲဖြတ်ချက်ကို Marca သတင်းဌာနမှတဆင့် ပေးပို့လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြကြီးက “တိုက်စစ်ပိုင်းကစားပုံ ပိုကောင်းလာတယ်လို့ ခံစားရပါတယ်။ ဒီနေ့မှာဆိုရင် ဗင်နီးစီးယက်စ်လို အရေးပါတဲ့ကစားသမားကို လက်လွှတ်ထားရပေမယ့် ကစားသမားတိုင်းက အကောင်းဆုံးစွမ်းဆောင်ခဲ့ပြီး အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း တိုက်စစ်ပိုင်းအတွက် အခွင့်အရေးတွေ ပိုဖန်တီးပေးနိုင်ဖို့ ခံစစ်ပိုင်းမှ အကောင်းဆုံးကူညီပေးခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်ဆယ်လော့တီက ပြိုင်ပွဲစုံနောက်ဆုံးငါးပွဲမှာ လေးပွဲအနိုင်ယူခဲ့တဲ့ သူ့ရဲ့အသင်းဟာ အကောင်းဆုံးပုံစံဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ သုံးသပ်ခဲ့ပါတယ်။ “အေစီမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကျွန်တော်တို့ ဆွေးနွေးစရာရှိတာတွေ ဆွေးနွေး၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ခဲ့ပါတယ်။ ကိစ္စအချို့ကိုလည်း ရှင်းထုတ်ပြီးပြီဖြစ်လို့ ကျွန်တော်တို့ ပြန်လာပါပြီ။ အဆင်မပြေဖြစ်နေတဲ့အခိုက်အတန့်တွေမှာ ကိုယ့်ဆီမှာပဲ တာဝန်အပြည့်ရှိပါတယ်။
ကလပ်အသင်းနဲ့ ကစားသမားတွေရဲ့ထောက်ခံအားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ သူတို့တွေက ကျွန်တော်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုမျိုး မပြသခဲ့သလို တည်တည်ငြိမ်ငြိမ်နဲ့ အားပေးကူညီခဲ့ပါတယ်”လို့ အန်ဆယ်လော့တီက ဆက်ပြောပါတယ်။