
ဆောက်သမ်တန်ဂိုးသမားရမ့်စ်ဒေးကို အငှားဖြင့်ခေါ်ယူလိုက်တဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းက ဆောက်သမ်တန်အသင်းရဲ့ အာဆင်နယ်ဂိုးသမားဟောင်းရမ့်စ်ဒေးကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီလို့ ယမန်နေ့(စနေနေ့)မှာ ကြေညာခဲ့ပါတယ်။ အသက်-၂၇ နှစ်အရွယ်အင်္ဂလန်ဂိုးသမားက လက်ရှိနယူးကာဆယ်နည်းပြအက်ဒီဟိုဝီနဲ့ ဘုန်းမောက်မှာ လက်တွဲခဲ့ဖူးပြီး ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်ကာကွယ်မှုဒုတိယအများဆုံးဂိုးသမား (၁၂၅ ကြိမ်)အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဟိုဝီက “ ရမ့်စ်ဒေးဟာ ထူးခြားတဲ့ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။ အရင်တုန်းကလည်း သူနဲ့အတူ လက်တွဲခဲ့ဖူးလို့ ကွင်းတွင်းကွင်းပြင် သူဘာတွေယူဆောင်လာမလဲဆိုတာကို ကျွန်တော်သိပါတယ်။ ဒါကြောင့် အသင်းနဲ့အတူပူးပေါင်းလာမယ့် ရမ့်စ်ဒေးကို ကျွန်တော်တို့ စောင့်မျှော်နေပါပြီ”လို့ ဆိုပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အမှတ်ပေးဇယားပဉ္စမနေရာရယူနိုင်ခဲ့တဲ့ နယူးကာဆယ်က သူတို့ရဲ့ပရီးမီးယားလိဂ်ရာသီသစ်ကို သြဂုတ် ၁၆ ရက်၊ ဗီလာပတ်ခ်မှာ အက်စတွန်ဗီလာနဲ့ရင်ဆိုင်ကစားရင်း စတင်သွားပါလိမ့်မယ်။ ရမ့်စ်ဒေးကတော့ အာဆင်နယ်မှ ဆောက်သမ်တန်ဆီ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိမယ့် သဘောတူညီမှုဖြင့် ပြီးခဲ့တဲ့နှစ်မှာ ပြောင်းရွှေ့လာခဲ့ပါတယ်။
သူက ၂၀၂၁ ခုနှစ်မှာ ရှက်ဖီးယူနိုက်တက်မှ ဂန်းနားတို့ဆီ ရောက်ရှိလာကာ ပွဲထွက်ဂိုးသမားအဖြစ် နှစ်ရာသီကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အသင်းကို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားဒုတိယနေရာရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ်ရာသီသစ်စတင်ချိန်မှာတော့ ဒေးဗစ်ရာယာဆီ ပွဲထွက်ဂိုးသမားနေရာ လွှဲပြောင်းပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီစတင်ချိန် ဆောက်သမ်တန်တို့ တန်းတက်အသင်းအဖြစ် ပရီးမီးယားလိဂ်မှာ ပါဝင်ခဲ့ပေမယ့် ရာသီကုန်မှာ ချက်ချင်းဆိုသလို တန်းပြန်ဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ရမ့်စ်ဒေးကိုယ်တိုင်လည်း ဘုန်းမောက်(၂၀၁၉-၂၀၂၀)၊ ရှက်ဖီးယူနိုက်တက်(၂၀၂၀-၂၀၂၁)တို့နဲ့အတူ တန်းဆင်းရပြီးနောက် တတိယမြောက်တန်းဆင်းရမှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။