တော့တင်ဟမ်ကိုအနိုင်ရပြီးနောက် ဘယ်ကစားသမားနဲ့မဆို ယှဉ်ပြိုင်ဖို့ အသင့်ရှိနေကြောင်းပြောကြားလာတဲ့ လူးဝစ်စကယ်လီ
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်ကို ၂-၁ နဲ့အနိုင်ရရှိပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့်ကစားသမားလေး လူးဝစ်စကယ်လီက ဘယ်လိုပြိုင်ဘက်နဲ့မဆို ယှဉ်ပြိုင်ဖို့အဆင်သင့်ရှိနေကြောင်းနဲ့ ဘယ်သူ့ကိုမှ မကြောက်ရွံ့ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ် အသက်-၁၈ နှစ်အရွယ်ကစားသမားအတွက် ၄ ပွဲမြောက်ပွဲထွက်ခွင့်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး ဘယ်နောက်ခံလူဟာ အသင်းအတွက်အရေးပါတဲ့ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။ တော့တင်ဟမ်အတွက် ဦးဆောင်ဂိုးကို ဆွန်ဟောင်မင်က ပွဲကစားချိန် ၂၅ မိနစ်မှာသွင်းယူခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ နောက်ကနေလိုက်ကစားခဲ့ရပေမယ့် ဒိုမီနစ်ဆိုလန်ကီရဲ့ OG၊ လီအန်ဒရိုထရိုဆက်တို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ကွင်းမှာ အနိုင် ၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။
လူငယ်ကစားသမားလေး စကယ်လီအနေနဲ့ ယခုပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့သလို အခွင့်အရေးကို အသုံးချပြီး တော့တင်ဟမ်တောင်ပံကစားသမားတွေဖြစ်တဲ့ ကူလူဆက်ဗ်စကီးနဲ့ ဘရန်နန်ဂျွန်ဆန်တို့ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အီယန်ရိုက်က ကူလူဆက်ဗ်စကီး၊ ဂျွန်ဆန်တို့နဲ့ ရင်ဆိုင်ရာမှာ ကြောက်ရွံ့မှုရှိနေခဲ့သလားလို့ မေးမြန်းခဲ့ရာ စကယ်လီက “ဘယ်တော့မှ ဘယ်သူ့ကိုမှမကြောက်ပါဘူး။ ကျွန်တော်က အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ချင်တာပါ။ ပြီးတော့ အကောင်းဆုံးလည်းဖြစ်ချင်ပါတယ်” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
စကယ်လီရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုရှိမရှိ မေးမြန်းခဲ့ရာမှာ အာတီတာက “အခုလို အသက်-၁၈ နှစ်အရွယ် ကစားသမားလေးတစ်ယောက်ကို လန်ဒန်ဒါဘီလို ပွဲစဉ်မှာ မြင်တွေ့ရဖို့က ခက်ခဲပါတယ်။ အထူးသဖြင့် သူက ပြိုင်ဘက် ကစားသမားတွေကို အကောင်းဆုံးထိန်းချုပ်ပြီး ခြေစွမ်းကောင်းကိုပြသနေတာက ပိုပြီးတော့ မြင်ရခဲပါတယ်။ သူ့မှာရှိနေတဲ့ ယုံကြည်မှုနဲ့ စွမ်းဆောင်ရည်က အံ့မခန်းပါပဲ။ အရမ်းကောင်းပါတယ်” လို့ဖြေကြားခဲ့ပါတယ်။
စကယ်လီနဲ့ပတ်သက်ပြီး အာဆင်နယ်ကစားသမားဟောင်း အာရွန်ရမ်ဆေးကလည်း “ဒီပွဲမှာ သူ့အနေနဲ့ သေချာပေါက်စိတ်လှုပ်ရှားနေမှာပါ။ ဒါပေမယ့် စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ကစားနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကူလူဆက်ဗ်စကီးလို တော့တင်ဟမ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ကို ထိန်းချုပ်နိုင်ခဲ့တာ မယုံနိုင်စရာပါပဲ” လို့ချီးကျူးခဲ့ပါတယ်။