ယခုလအတွင်း တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ရှာဖွေနေကြောင်း အခိုင်အမာပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အသင်းဟာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂါဘရီရယ်ဂျီးဆပ်နဲ့ ဘူကာယိုဆာကာတို့ကို ဒဏ်ရာပြဿနာတွေနဲ့အတူ ကာလရှည်လက်လွှတ်ထားရမှာဖြစ်လို့ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပဲ တိုက်စစ်မှူးသစ်ခေါ်ယူနိုင်ဖို့ ရှာဖွေနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်ကို ၂-၁ နဲ့အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ သို့သော်လည်း မကြာသေးမီကာလတွေမှာ အာဆင်နယ်ဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ နယူးကာဆယ်ကိုရှုံးနိမ့်ထားသလို၊ အက်ဖ်အေဖလား တတိယအဆင့်မှာလည်း ယူနိုက်တက်ကိုရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက တံကောက်ကြောဒဏ်ရာရရှိထားတဲ့ အားထားရတဲ့တောင်ပံကစားသမား ဆာကာက အခုချိန်အထိ မကစားနိုင်သေးသလို၊ သွင်းဂိုးတွေ ပြန်လည်ရရှိလာတဲ့ ဂျီးဆပ်ကလည်း ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူသွားရမှာဖြစ်လို့ အာဆင်နယ်အနေနဲ့ တိုက်စစ်ပိုင်းကစားသမားအင်အား အတော်လေးလျော့နည်းနေတာဖြစ်ပါတယ်။
ယခုအခါမှာ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့အတွက် အာဆင်နယ်အနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့လိုအပ်နေသလားလို့ မေးမြန်းခဲ့ရာ အာတီတာက “သေချာပေါက်လိုအပ်ပါတယ်။ ကျွန်တော်တို့ အဓိက ကစားသမား ၂ ယောက်ကို လက်လွှတ်ထားရတာပါ။ ဆာကာက ၃ လလောက်အထိ အနားယူသွားရမှာဖြစ်ပြီး ဂျီးဆပ်ကတော့ ရာသီကုန်အထိပါ။ ဒါကြောင့် တိုက်စစ်မှူးသစ်ဝယ်ယူဖို့ ရှာဖွေနေပါတယ်။ လက်ရှိအသင်းရဲ့ အဓိက ကစားသမားက ၁၄ ယောက်ပဲရှိပါတယ်။ ၃ ရက် ၁ ပွဲကစားနေရတဲ့ အခြေအနေမှာ ဒီလူစာရင်းက လုံလောက်မှုမရှိပါဘူး။ ကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲ ကြည့်ကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ လာမယ့် ရက်ပေါင်း ၂၀ အတွင်း ၆ ပွဲအထိကစားသွားရမှာဖြစ်လို့ တိုက်စစ်ပိုင်းကို အမြန်ဆုံးအင်အားဖြည့်တင်းသွားနိုင်ဖို့ လိုအပ်နေပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယား အဆင့် ၇ နေရာက အက်စတွန်ဗီလာကို အမ်းမရိတ်စ်မှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်အပတ်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုဇာဂရက်နဲ့ ကစားသွားရပါမယ်။