ဟားဗတ်ဇ်တို့မိသားစု ခြိမ်းခြောက်ခံရမှုအတွက် အရေးယူသင့်တယ်လို့ပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အွန်လိုင်းပေါ်မှ ခြိမ်းခြောက်စာပို့ခံခဲ့ရတဲ့ အသင်းရဲ့ကစားသမား ကိုင်ဟားဗက်ဇ်နဲ့ ဇနီးဖြစ်သူ ဆိုဖီယာဟားဗက်ဇ်တို့ရဲ့ ကိစ္စဟာ ဒီအတိုင်းပြီးမသွားသင့်ဘဲ တစ်စုံတစ်ရာအရေးယူမှုပြုလုပ်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလာခဲ့ပါတယ်။
ဟားဗက်ဇ်ရဲ့ဇနီး ဆိုဖီယာဟာ လက်ရှိအချိန်မှာ ကိုယ်ဝန်လွယ်ထားရသူဖြစ်ပြီး ခြိမ်းခြောက်စာထဲမှာ ဗိုက်ထဲက ကလေးကိုပါ ထည့်သွင်းရေးသားပြီး ရက်ရက်စက်စက်ပြောထားခဲ့တာဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်ဟာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့သူဖြစ်တာကြောင့် အခုလို ပရိသတ်တွေရဲ့ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ ယူဆရပါတယ်။
ယခုအခါမှာ အာတီတာက “ဒါက မယုံနိုင်စရာလုပ်ရပ်တွေပါ။ ကျွန်တော်တို့ ဒီကစ္စနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်မှဖြစ်ပါမယ်။ ဒါကိုလက်ခံပြီး မသိချင်ယောင်ဆောင်လိုက်ရင် ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေ ထပ်ကြုံတွေ့ရနိုင်ပါတယ်။ ဒါက အမြစ်ဖြတ်သုတ်သင်ဖို့လိုအပ်တဲ့ ဒုစရိုက်မှုတစ်ခုပါ”
“ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျွန်တော်တို့ဟာ ဟားဗတ်ဇ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။ အဲဒါက လွန်ခဲ့တဲ့ ရက် ၂၀ ကပါ။ ခြိမ်းခြောက်သူတွေအနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမြင်ကြသလဲမသိပါဘူး။ လူတိုင်းက ကိုယ်လုပ်တာကို အပြည့်အဝတာဝန်ယူနိုင်ဖို့ လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။