ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ငြင်းပယ်ခြင်းခံရပြီးနောက် အသင်းသစ်သို့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ ဒီဇာဘီ
အသက် ၄၅ နှစ်အရွယ် နည်းပြဟာ ရာသီကုန်မှာ ဘရိုက်တန်ကနေ ထွက်ခွာခဲ့ပြီး ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နှစ်သင်းစလုံးရဲ့ နည်းပြအဖြစ်ခန့်အပ်ဖို့ စဉ်းစားခြင်းကို ခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်နှင့် တွဲရန်ရွေးချယ်ခဲ့ပြီး ချဲလ်ဆီးကလည်း စတန်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာခွာသွားတဲ့ ပိုချက်တီနိုနေရာတွင် မာရက်စကာကို ခန့်အပ်ခဲ့ပါတယ်။
ဒီဇာဘီဟာ ဘိုင်ယန်မြူးနစ်ရှိ သောမတ်တူချယ်ရဲ့ နေရာသို့ အစားဝင်ရန်အတွက် လုပ်ဆောင်ခဲ့သော်လည်း ဘွန်ဒက်စ်လီဂါကလပ်ဟာ ကွန်ပနီကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဖေဖော်ဝါရီလတုန်းက ဂတ်တူဆိုရဲ့နေရာတွင် အစားထိုးခဲ့တဲ့ ယာယီနည်းပြ ဂက်စ်ဆက်ကလည်း ရာသီကုန်တွင်အနားယူပြီးနောက် မာဆေးလ်ဟာ နည်းပြသစ်တစ်ဦးကို ရှာဖွေလျက်ရှိပါတယ်။
Sportitalia နဲ့ RMC Sport ရဲ့ ဖော်ပြချက်အရ မာဆေးလ်ဟာ ဒီဇာဘီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အီတလီသားဟာ ပြင်သစ်ကလပ်သို့ ပြောင်းရွှေ့ဖို့ သဘောတူညီရန် နီးစပ်နေပြီလို့ သိရပါတယ်။ မာဆေးလ်ဟာ ရာသီကုန်တွင် ပေါ်တိုမှ ထွက်ခွာခဲ့သော ကွန်ဆီကာအိုနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေတယ်လို့ သိရှိထားသော်လည်း ယခုအခါ လီဂူးဝမ်းကလပ်က ဒီဇာဘီကိုသာ ဦးစားပေးခေါ်ယူလိုနေပြီး ၃ နှစ်စာချုပ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ဒီဇာဘီဟာ ဘရိုက်တန် နည်းပြအဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဂရေဟမ်ပေါ်တာရဲ့နေရာတွင် အစားဝင်ရောက်ခဲ့ပြီး ပထမဆုံးရာသီတွင် အထင်ကြီးဖွယ်စွမ်းဆောင်နိုင်ခဲ့ကာ အဆင့် ၆ ဖြင့် ရာသီပိတ်နိုင်ခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့် ရရှိခဲ့ပါတယ်။ ယခုရာသီတွင် ဘရိုက်တန်ဟာ အဆင့် ၁၁ ဖြင့် ရာသီပိတ်ခဲ့သော်လည်း အသင်းတွင် အဓိက ကစားသမားတွေ ဒဏ်ရာများ ရရှိခဲ့တာကို ဒီဇာဘီက ရင်ဆိုင်ခဲ့ရပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ဘရိုက်တန်ဟာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ရိုးမားကိုနှစ်ကျော့ပေါင်း ရလဒ် ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ဘရိုက်တန်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲအပြီးတွင် အနာဂတ်အကြောင်း မေးမြန်းသောအခါတွင် ဒီဇာဘီက "ဘယ်အသင်းမှ ကမ်းလှမ်းထားတာ မရှိပါသလို ဘယ်သူမှ ကမ်းလှမ်းထားတာ မရှိပါဘူး။ လောလောဆယ်တော့ ဘာမှမဖြစ်သေးပါဘူး" "ကျွန်တော် ပရီးမီးယားလိဂ်မှာ ပြန်ပြီး အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘယ်အချိန်လဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ရတာ ဂုဏ်ယူစရာပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။