ဒီဇာဘီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ တော့တင်ဟမ်အသင်း ဦးစားပေးပြင်ဆင်နေ
တော့တင်ဟမ်အသင်းအကြီးအကဲတွေက ရောဘတ်တိုဒီဇာဘီကို သူတို့ရဲ့နည်းပြသစ်စောင့်ကြည့်စာရင်းမှာ ဦးစားပေးအဖြစ် သတ်မှတ်လိုက်ကြပါပြီ။
လက်ရှိနည်းပြအီဂေါတူဒေါရဲ့စာချုပ်က အခုရာသီကုန်အထိပဲ ရှိနေလို့ လာမယ့်ဇွန်လ(သို့မဟုတ်) အဲ့ဒီကာလမတိုင်ခင် ခရိုအေးရှားလူမျိုးနည်းပြ အသင်းမှ ထွက်ခွာသွားနိုင်ပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ တော့တင်ဟမ်ရဲ့ ရေရှည်အနာဂတ်အတွက် နံပါတ်တစ်ရွေးချယ်မှုအဖြစ် ရောဘတ်တိုဒီဇာဘီလို့ သိရပါတယ်။
ဘရိုက်တန်နည်းပြဟောင်းဒီဇာဘီဟာ ပြီးခဲ့တဲ့လအတွင်း၊ မာဆေးလ်မှထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ဖြစ်နေပါတယ်။
ရိုမာနိုက "တော့တင်ဟမ်က နည်းပြသစ်ထပ်ပြောင်းဖို့ လုပ်ဆောင်နေပြီး အီဂေါတူဒေါကတော့ ရာထူးမှဖယ်ရှားခံရဖို့ တော်တော်လေးစိုးရိမ်နေရပါတယ်။ ရောဘတ်တိုဒီဇာဘီကို လပေါင်းများစွာ သူတို့ရဲ့ထိပ်တန်းပစ်မှတ်အဖြစ် စောင့်ကြည့်ခဲ့ပေမဲ့ သဘောတူညီမှုရဖို့တော့ ခက်ခဲနိုင်သလို ဖြစ်နိုင်ခြေလည်း နည်းတယ်လို့ မြင်ကြပါတယ်။ တော့တင်ဟမ်က လာမယ့်ပွဲစဉ်တွေကို စောင့်ကြည့်ရင်း မကြာခင် ဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့အတွက် တခြားနည်းပြတွေကိုလည်း ထည့်သွင်းစဉ်းစားနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။