အာဆင်နယ်စတားတစ်ဦးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ဆဲလ်တစ်အသင်းဟာ လာမယ့်ဆောင်းဈေးကွက်မှာ တီယာနေးကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ တီယာနေးဟာ အာတီတာရဲ့အစီအစဉ်ထဲမှာ မပါဝင်တော့ပဲ ပြီးခဲ့တဲ့ရာသီတုန်းက ဆိုစီဒက်အသင်းမှာ အငှားကစားခဲ့ရပါတယ်။ ယူရို ၂၀၂၄ မှာ စကော့တလန်အတွက်ကစားပေးရင်း တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်နားခဲ့ပြီး မကြာသေးခင်တုန်းက ပြန်လာနိုင်ခဲ့ပါတယ်။
အခုချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေပေမယ့် အသက် ၂၇ နှစ်သားဟာ အာဆင်နယ်မှာ ကစားရဖွယ်မရှိတော့သလို ငယ်ဘဝကလပ် ဆဲလ်တစ်ကို ပြန်ဖို့များနေပါတယ်။ ရိုမာနိုရဲ့အဆိုအရ အာဆင်နယ် နဲ့ ဆဲလ်တစ်တို့ကြား ဆွေးနွေးမှုတွေပြုလုပ်နေပြီး ရော်ဂျာကလည်း ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့်အနေအထားမှာ တီယာနေးအတွက် အာဆင်နယ်အနေနဲ့ ပြောင်းရွှေ့ကြေးအနည်းငယ်လောက်သာရဖွယ်ရှိနေပါတယ်။
ဘရိုက်တန်နဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ အာတီတာက တီယာနေးအပြောင်းအရွှေ့အကြောင်း ပြောကြားခဲ့ပါတယ်။ အာတီတာက ယတိပြတ်ပြောကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် ပါတေး ၊ ဂျော်ဂျင်ဟို ၊ တီယာနေးတို့ကို နွေရာသီမှာ အလွတ်နဲ့လက်လွှတ်ရဖို့များနေပါတယ်။ “အဲ့တာက ဖြစ်နိုင်ချေရှိပါတယ်။ သူတို့နဲ့ အနီးကပ်ပြောဆိုမှုတွေရှိပါတယ်။ သူတို့စိတ်ကူးဘယ်လိုရှိလဲဆိုတာရယ် ဘာလုပ်ချင်လဲဆိုတာရယ် ကြည့်ရပါမယ်။
ကစားသမားအားလုံးက အခုတော့ ဒီမှာရှိနေပါတယ်။ ကျွန်တော်က စွမ်းဆောင်ရည် နဲ့ အသင်းအပေါ်အကျိုးပြုနိုင်ဖို့ပဲ အာရုံစိုက်စေချင်ပါတယ်။ တကယ်လို့ တီယာနေးအခြေအနေတစ်ခုခုထူးခြားရင် ကျွန်တော်တို့ ဆုံးဖြတ်သွားမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ တီယာနေးဟာ ၂၀၁၉ နွေရာသီတုန်းက အမ်မရီလက်အောက်မှာ အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁၂၅ ပွဲပါဝင်ကစားခဲ့ကာ ပထမဆုံးရာသီမှာ အက်ဖ်အေဖလားရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကိုမပြောင်းခင် တီယာနေးတစ်ယောက် ဆဲလ်တစ်နဲ့အတူ စကော့တလန်ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။