ဒါဝင်နူနက်ဇ်ရဲ့ခြေစွမ်းတိုးတက်လာမှုက သူ့ကြောင့် မဟုတ်ပါဘူးလို့ ငြင်းဆိုလိုက်တဲ့ မက်အယ်လစ္စတာ
သူနဲ့ ဒါဝင်နူနက်ဇ်အကြား ညီအစ်ကိုအရင်းလို ရင်းနှီးတဲ့ဆက်ဆံရေးက နှစ်ဦးလုံးအတွက် အကူအညီဖြစ်စေတာမှန်ပေမယ့် ဥရုဂွေးသားရဲ့ခြေစွမ်းဟာ ကာယကံရှင်ကိုယ်တိုင် ကြိုးစားအားထုတ်မှုတွေကြောင့်သာ တိုးတက်လာတာဖြစ်တယ်လို့ လီဗာပူးကွင်းလယ်လူ မက်အယ်လစ္စတာက ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဒီကစားသမားနှစ်ဦးလုံးက စပါတာပရာဟာနဲ့ ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်ပွဲစဉ် အတွက် ပါဝင်ကစားပေးဖို့ အသင့်ရှိနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒါဝင်နူနက်ဇ်ရဲ့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်အနိုင်ဂိုးအတွက် ဖန်တီးပေးခဲ့သူက မက်အယ်လစ္စတာပဲ ဖြစ်ပါတယ်။
ဒဏ်ရာမှပြန်လည်သက်သာလာတဲ့ ဘင်ဖီကာတိုက်စစ်မှူးဟောင်းက အခုဘောလုံးရာသီ၊ လက်ရှိအချိန်အထိ အသင်းအတွက် ၁၄ ဂိုးအထိ သွင်းယူပေးထားပြီး ဒီမှတ်တမ်းကို ဆက်လက်တိုးချဲ့သွားဖို့လည်း ဆန္ဒရှိနေပါလိမ့်မယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ဘရိုက်တန်အသင်းမှ ရောက်ရှိလာတဲ့ မက်အယ်လစ္စတာနဲ့ ဒါဝင်နူနက်ဇ်တို့အကြား ကွင်းတွင်းကွင်းပြင်ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုလည်း တည်ဆောက်ထားကြပြန်ပါတယ်။
ကမ္ဘာ့ဖလားဆုရှင်က “ကျွန်တော်နဲ့ ဒါဝင်နူနက်ဇ်ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့နှစ်ဦး ပထမဆုံးတွေ့ဆုံခဲ့ပြီးကတည်းက ကျွန်တော်တို့တွေအကြား တည်ဆောက်ထားတဲ့ ကွင်းပြင်ပရင်းနှီးတဲ့ဆက်ဆံရေးကိုလည်း ခင်ဗျားတို့တွေ မြင်နိုင်ကြပါလိမ့်မယ်။ ကွင်းတွင်းမှာဆိုရင်လည်း ကျွန်တော် No.8 Role ကစားတဲ့အချိန်တိုင်း သူနဲ့တွဲဖက်ကစားနိုင်ဖို့ ကြိုးစားပါတယ်။ အဲ့ဒီလို ချိတ်ဆက်ကစားနိုင်ဖို့က အရေးကြီးတယ်ဆိုတာ သေချာပါတယ်။ သူက အံ့သြစရာကောင်းပြီး အလုပ်ကြိုးစားကာ အကောင်းဆုံးလုပ်ပြနေပါတယ်။ တခါတလေ ကျွန်တော်က သူ့ကို အများကြီးကူညီပေးနေလို့ ဒါဝင်နူနက်ဇ် အခုလို ခြေစွမ်းပြနိုင်တာဆိုပြီး လူတွေ ပြောနေကြပြန်ပါတယ်။ ဒါမမှန်ပါဘူး။ နူနက်ဇ်က အကောင်းဆုံးလေ့ကျင့်ပြီး အလုပ်ကို အပြင်းထန်ဆုံးကြိုးစားအားထုတ်တာကြောင့် အခုအဆင့်အတန်းမျိုး ဖြစ်လာခဲ့တာပါ။ ဒါက သူ ဂိုးတွေ သွင်းနိုင်ခြင်းနဲ့ အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်နေရခြင်းတို့အတွက် အကြောင်းပြချက်ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ လီဗာပူးက ပုံစံကောင်းပြနေတဲ့ စပါတာပရာဟာနဲ့ အခုညပိုင်းမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။
မက်အယ်လစ္စတာက “ အရမ်းခက်ခဲတဲ့ပွဲစဉ်တစ်ခုကို ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သူတို့တွေ အိမ်ကွင်းမှာ ရှုံးပွဲမရှိသလို လိဂ်ကိုလည်း ဦးဆောင်ထားနိုင်ပါတယ်။ ဒါက ဒီအသင်းဟာ အရမ်းကောင်းတယ်ဆိုတာကို ပြသနေပါတယ်။ ရုပ်သံဗီဒီယိုအချို့ ကြည့်ရှုခဲ့ရပြီး သူတို့တွေ ဘယ်လိုကစားသလဲဆိုတာ သိခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် လိုအပ်နေတာ ကိုယ့်ကိုကိုယ် အာရုံစိုက်သွားဖို့ပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်အာရုံစိုက်ထားနိုင်မယ်ဆိုရင် ပွဲကိုအနိုင်ရရှိစေမယ့် အခွင့်အလမ်း ရရှိလာပါမယ်။ စပါတာပရာဟာက အရမ်းကောင်းတဲ့ အသင်းဖြစ်လို့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ ဆက်ပြောခဲ့ပါတယ်။