The network connection is lost.

Banner Image

အီကွေဒေါကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ကိုပါအမေရိက ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားတဲ့ အာဂျင်တီးနား

၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံအာဂျင်တီးနားအသင်းဟာ ယနေ့နံနက် ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အီကွေဒေါကို မိနစ် ၉၀ အတွင်း အနိုင်မရခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး အသင်းခေါင်းဆောင်မက်ဆီက ထိပ်ဆုံးကနေလွဲချော်ခဲ့ပေမယ့် ဂိုသမား မာတီနက်ဇ်က လက်စွမ်းပြခဲ့သလို ကျန်တဲ့ကစားသမားတွေကလည်း ဝင်အောင်ကန်သွင်းနိုင်ခဲ့တာကြောင့် ၄-၂ နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ပါတယ်။

ယခုပွဲစဉ်မှာလည်း ကိုပါအမေရိကပွဲစဉ်တွေရဲ့ ထုံးစံအတိုင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့လို့ ပွဲအစပိုင်းမှာ ၂ သင်းစလုံး ဂိုးပေါက်ခြိမ်းခြောက်မှုပြုလုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အီကွေဒေါ ကစားသမား ဂျရယ်မီဆာမီယန်တိုက ပွဲကစားချိန် ၂၇ မိနစ်မှာ ဂိုးသမားနဲ့အနီးကပ် အပိုင်အခွင့်အရေး ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။ ထို့နောက် ၁၀ မိနစ်အကြာမှာပဲ အာဂျင်တီးနားက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဖရီးကစ်ကန်ချက်မှတစ်ဆင့် အသင်းရဲ့နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအတွင်းမှာ အာဂျင်တီးနားက ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ အီကွေဒေါက ချေပဂိုးပြန်လည်ရရှိဖို့ အကောင်းဆုံးအခွင့်အရေးအဖြစ် ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။ သို့သော်လည်း တိုက်စစ်မှူး ဗလင်စီယာက တိုင်ထိအောင် ကန်ခဲ့လို့ အီကွေဒေါတို့နစ်နာခဲ့ရပြီး ပွဲပြီးကာနီး မိနစ် ၉၀ ကျော်မှသာ ကယ်ဗင်ရိုဒရီဂွက်ဇ်က ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ထို့နောက် ပြိုင်ပွဲရဲ့စည်းမျဉ်းသစ်အရ အချိန်ပို မိနစ် ၃၀ ကို ဆက်လက်မကစားဘဲ ပင်နယ်တီ အဆုံးအဖြတ်ကို တိုက်ရိုက်ခံယူခဲ့ရာမှာ အာဂျင်တီးနားရဲ့ ပထမဆုံးပင်နယ်တီ ကန်သွင်းသူမက်ဆီက ဘားတန်းထိပြီး လွဲချော်ခဲ့တာကြောင့် အာဂျင်တီးနားပရိသတ်တွေ အတွက် ထိတ်လန့်ဖွယ်အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း အီကွေဒေါကစားသမား ၂ ဦးရဲ့ပင်နယ်တီကန်ချက်ကို မာတီနက်ဇ်က လက်စွမ်းပြပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီးနောက်မှာတော့ အာဂျင်တီးနားက အနိုင်ရဖို့သေချာခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ကို စောစောစီးစီးတက်လှမ်းထားတဲ့ စကာလိုနီရဲ့အသင်းအနေနဲ့ တစ်ဖက်က ကနေဒါနဲ့ ဗင်နီဇွဲလားတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိအသင်းနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။