
အမ်းမရိတ်စ်အရှက်တကွဲရှုံးနိမ့်မှုအပြီး မန်စီးတီးအသင်းရဲ့ယုံကြည်ပိုင်း ပျော့ညံ့လွန်းနေတယ်လို့ ဝန်ခံခဲ့တဲ့ ပက်ဂွါဒီယိုလာ
အကြိမ်များစွာပေါ်ပေါက်ခဲ့ဖူးတဲ့ ပျော့ညံ့မှုတစ်ခုကြောင့် ဒုတိယပိုင်းပွဲချိန်တွေအတွင်း မန်စီးတီးအသင်း ပြိုလဲခဲ့ရတယ်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပက်ဂွါဒီယိုလာက ပြောခဲ့ပါတယ်။ လက်ရှိချန်ပီယံတွေက ယမန်နေ့ညပိုင်း၊ အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်အသင်းကို သွားရောက်ရင်ဆိုင်ခဲ့ပြီး ၅-၁ ဂိုးဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ပက်ဂွါဒီယိုလာရဲ့ကျော်ကြားလှတဲ့ နည်းပြသက်တမ်းတလျှောက် ပထမဆုံးအကြိမ် ဘောလုံးရာသီတစ်ခုအတွင်း ပေးဂိုးလေးဂိုးထက်မနည်းခွင့်ပြုပေးရတဲ့ ပွဲစဉ်လေးခုကျော် ရှိလာခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက “ပွဲချိန်မိနစ် ၆၀ လောက်အထိ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့အရာကို ပွဲချိန်နှောင်းပိုင်းမိနစ် ၂၀၊ ၂၅ လောက်အပိုင်းအခြားမှာ ဘာကြောင့်မလုပ်နိုင်တာလဲဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ အခုတော့ ကျွန်တော်တို့တွေ ကစားသမားတွေနဲ့အတူ ဆွေးနွေးသွားရပါလိမ့်မယ်။ ဒါမျိုးထပ်မဖြစ်ဖို့လည်း မျှော်လင့်မိပါတယ်။
ဦးစားပေးကိစ္စကတော့ အဝေးဘောပေးပို့မှုတွေ ဖြစ်ပါတယ်။ အဝေးဘောပေးပို့မှုတိုင်းမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ? ဒီပေးပို့မှုတိုင်းကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ အာဆင်နယ်က အားအကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဆာလီဘာ၊ မာဂယ်လ်ဟေးစ်တို့နဲ့ရင်ဆိုင်ရချိန် အဝေးဘောပေးပို့မှုက ဟာလန်းမပြောနဲ့၊ ဘယ်တိုက်စစ်မှူးအတွက်မဆို မလွယ်ကူလှပါဘူး။
ပွဲစဉ်ကို အကောင်းဆုံးကစားခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမိနစ် ၂၀ အပိုင်းအခြားမှာ ကစားသွားတဲ့ပုံစံက လူတိုင်းကို မောပန်းစေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေပါတယ်။ ဒါက ကျွန်တော်တို့ သင်ယူဖို့လိုအပ်ခဲ့တဲ့ကိစ္စလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်ခုနစ်ခုအထိ ရှုံးနိမ့်ထားတဲ့ ဘောလုံးရာသီတစ်ခုအတွင်း အသင်းရဲ့ယုံကြည်မှုပိုင်းအားနည်းချက်ကြောင့် ဒုတိယပိုင်းပွဲချိန်တွေမှာ ပြိုလဲမှုတွေ ဖြစ်ပေါ်စေခဲ့သလားဆိုတဲ့ မေးခွန်းကို ပက်ဂွါဒီယိုလာက “ ဒါက ပျော့ညံ့မှုကြောင့်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြိမ်များစွာဖြစ်ပေါ်ခဲ့ဖူးလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ သင်ယူသွားရမယ့် တာဝန်ရှိပြီး ပိုကောင်းအောင်လုပ်သွားရမယ့် ကိစ္စတွေလည်း အမြဲတမ်းရှိပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။