The network connection is lost.

Banner Image

ဘောလုံးလောကမှ အနားယူပြီးနောက် အနာဂတ်အစီအစဉ်တွေကို ထုတ်ဖော်ပြောပြလာတဲ့ မာဆယ်လို

ရီးရဲလ်မက်ဒရစ်ဂန္တဝင်မာဆယ်လိုက ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှ အနားယူမယ်လို့ ကြေညာပြီး ငါးရက်မျှအကြာမှာပဲ သူ့ရဲ့အနာဂတ်အစီအစဉ်တွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ အသက်-၃၆ နှစ်အရွယ် ဘရာဇီးနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းက ဘောလုံးလောကကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အနားယူကြောင်းကြေညာတဲ့ စိတ်လှုပ်ရှားစရာ ဗီဒီယိုဖိုင်တစ်ခုမှာ မာဆယ်လိုက ဘောလုံးလောကအတွင်း ကျင်လည်ဖြတ်သန်းခဲ့ရတဲ့အချိန်တွေကို မြတ်နိုးမိတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။အခုလိုကြေညာပြီးငါးရက်အကြာမှာတော့ နောက်ခံလူက သူ့ရဲ့အနာဂတ်အစီအစဉ်တွေကို ထုတ်ဖော်တင်ပြခဲ့ပါတယ်။

ခံစစ်အစွန်ကစားသမားဟောင်းက “ ဘောလုံးလောကမှာ ကျွန်တော်လုပ်ရမယ့် အလုပ်အကုန်လုံးကို လုပ်ခဲ့ပြီးပါပြီ။ ပြင်းထန်ဒဏ်ရာမရရှိခဲ့သလို ကမ္ဘာ့အကောင်းဆုံးအသင်းမှာ အကောင်းဆုံးအသင်းဖော်တွေနဲ့ တွဲဖက်ကစားခဲ့ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ တချို့အရာတွေကိုလည်း ကျွန်တော် ပိုင်ဆိုင်နိုင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရမယ့်အချိန်လည်း ရှိလာပါလိမ့်မယ်။ ကျွန်တော် ဘောလုံးလောကကို မငြီးငွေ့ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်က အခြားလုပ်စရာရှိတာတွေကိုလည်း လုပ်သွားချင်ပါတယ်။

ကျွန်တော်က ဘောလုံးကို တာဝန်တစ်ရပ်လိုသာမက ပျော်ရွှင်မှုနဲ့ပါ အမြဲကစားခဲ့ပါတယ်။ ဒါကို ပျော်ရွှင်စရာတစ်ခုအဖြစ် အမြဲရှုမြင်ထားခဲ့ပေမယ့် ဘဝအတွက် ရှင်သန်ပေးရမယ့် အချိန်တစ်ခုလည်း ရောက်ရှိလာပါတယ်။ ကျွန်တော်က ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် အရမ်းဂရုစိုက်ခဲ့ပါတယ်။ ဒါက အကြောင်းတစ်ခုခုကြောင့် ဘောလုံးမကစားရတော့ဘူးလို့ ဆုံးဖြတ်ရမယ့်အချိန် ရောက်ရှိလာရင် အရမ်းခက်ခဲလေ့ရှိပါတယ်။ ပထမဆုံးသိထားဖို့လိုအပ်ခဲ့တာက ကျွန်တော့်ဇနီးပဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မိသားစုကို အချိန်တွေပိုပေးသွားဖို့ လိုအပ်ခဲ့ပါတယ်။

ကျွန်တော် သူတို့တွေကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးရမယ်၊ ဇနီးနဲ့လည်း အပြင်ထွက်လည်ပေးရပါမယ်။ အခုတော့ ကျွန်တော့်အတွက် ရုံးခန်းတစ်ခုမှာထိုင်ပြီး စာဖတ်၊ အီးမေးလ်ပို့ဖို့ အချိန်တွေ ရှိလာပါပြီ။ ဇနီးနဲ့အတူ ရုပ်ရှင်၊ ဂီတ၊ အနုပညာတွေကိုလည်း ဖန်တီးသွားချင်ပါတယ်။ ငယ်ငယ်လေးကတည်းက ကျွန်တော် ဂီတကို မြတ်နိုးခဲ့ပါတယ်။အဆိုတော်အချို့နဲ့လည်း သိကျွမ်းပြီး သူတို့အတွက် သီချင်းတစ်ပုဒ်လောက် ရေးပေးချင်ပါတယ်။ ဒါက ကျွန်တော့်အတွက် အိပ်မက်တစ်ခုလို ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ငါးကြိမ်၊ လာလီဂါချန်ပီယံဆု ခြောက်ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ မာဆယ်လိုရဲ့ဘောလုံးသမားဘဝက ထင်ထားသလောက်တော့ မတိုတောင်းခဲ့ပါဘူး။ သူက ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၃ ခုနှစ်၊ ကွန်ဖက်ဒရေးရှင်းဖလားကို ရယူခဲ့ပါတယ်။ အသက်-၃၆ နှစ်အရွယ်ကစားသမားဟောင်းက သူ့ရဲ့နှုတ်ဆက်ဗီဒီယိုမှာ ဇနီးနဲ့အတူ အချိန်တွေကုန်ဆုံးမယ်လို့ ပြောကြားခဲ့သလို အနာဂတ်ဘောလုံးလောကအတွက် ဆက်လက်ကူညီပေးသွားမယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။