
ယူနိုက်တက်ရဲ့ချိတ်ဆက်မှုတွေရှိနေပေမယ့် အန်ကွန်ကူကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းသွားမယ်လို့ဆိုလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးတောင်ပံကစားသမား ခရစ္စတိုဖာအန်ကွန်ကူကို မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် နည်းပြ အန်ဇိုမာရက်စ်ကာကတော့ ကစားသမားကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ချဲလ်ဆီးဟာ အန်ကွန်ကူကို ၂၀၂၃ ခုနှစ်မှာ ဒေါ့မွန်မှ ပေါင် ၅၂ သန်းနဲ့ခေါ်ယူခဲ့ပေမယ့် ကစားသမားဟာ အဆိုးဈေးနှုန်းနဲ့ထိုက်တန်ခဲ့ခြေစွမ်းမျိုး ပြသထားနိုင်ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ပြင်သစ်သားဟာ ချဲလ်ဆီးအတွက် ၄၃ ပွဲပါဝင်ကစားပြီး ၁၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့် ကွန်းဖရန့်လိဂ်ပွဲစဉ်တွေကိုပဲ အများအပြားကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီအတွင်း အန်ကွန်ကူဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ ၂၇ ပွဲပါဝင်ကစားခွင့်ရခဲ့ပေမယ့် ပွဲထွက်ကစားသမားအနေနဲ့တော့ ၉ ပွဲသာကစားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၉ ပွဲထဲမှာလည်း ၂ ပွဲသာ မိနစ် ၉၀ ပြည့်တဲ့အထိ ကစားခဲ့ရပါတယ်။ ဒါကြောင့် အန်ကွန်ကူဟာ ယခုနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ချ်ကိုစွန့်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေကာ ယူနိုက်တက်က အန်ကွန်ကူကို အလီဂျန်ဒရိုဂါနာချိုနဲ့ အလဲအလှယ်ပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့လည်းသိရပါတယ်။
အပြောင်းအရွှေ့ကောလာဟလတွေထွက်ပေါ်နေပေမယ့် မာရက်စ်ကာကတော့ ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းထားမယ့်အကြောင်းပြောကြားလာခဲ့ပြီး ကျူးနစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ထည့်သွင်းအသုံးပြုဖို့ပင် ရည်ရွယ်ထားပုံပေါ်ပါတယ်။
အီတလီသားနည်းပြက "အန်ကွန်ကူက ကျွန်တော်တို့နဲ့အတူတူရှိနေမှာပါ။ သူက ချဲလ်ဆီးကစားသမားတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၄-၅ ရက်အတွင်းမှာ သူအရမ်းတိုးတက်လာပါတယ်။ မနက်ဖြန်ပွဲမှာ ကစားသမားအပြောင်းအလဲတွေပြုလုပ်မှာဖြစ်လို့ မကစားရတဲ့ကစားသမားတွေအနေနဲ့ အခွင့်အရေးရသွားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီအစောပိုင်းက မာရက်စ်ကာဟာ အန်ကွန်ကူရဲ့စွမ်းဆောင်ရည်တွေအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပြီး ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ လူစာရင်းကနေချန်လှပ်ခဲ့ပါတယ်။ ထိုစဉ်က အန်ကွန်ကူကိုဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့တာလားလို့မေးမြန်းရာမှာ မာရက်စ်ကာက "မဟုတ်ပါဘူး။ နည်းစနစ်အရပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါ" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။