The network connection is lost.

Banner Image

ယူနိုက်တက်အတွက် ပထမဆုံးပရီးမီးယားလိဂ်ဂိုးရရှိခဲ့လို့ ဝမ်းသာမိကြောင်း ဖွင့်ဟလာတဲ့ အမ်ဘွေမို

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားသစ် ဘရိုင်ယန်အမ်ဘွေမိုက ဘန်လေနဲ့ပွဲမှာ အသင်းအတွက်ဂိုးသွင်းယူပြီးနောက် အသင်းသစ်အတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးရရှိခဲ့လို့ ဝမ်းသာမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အမ်ဘွေမိုဟာ ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက် ဒုတိမြောက်ဂိုးကို ပွဲကစားချိန် ၅၇ မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပြီး ဘန်လေကို ၂-၁ နဲ့ဦးဆောင်စေခဲ့ပါတယ်။ ယခုအခါမှာတော့ အမ်ဘွေမိုက "အရမ်းပျော်ပါတယ်။ ဒီနေ့မှာအနိုင်ရဖို့လိုအပ်တာကြောင့် အရေးပါတဲ့နိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒီအသင်းအတွက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာဂိုးသွင်းနိုင်ခဲ့လို့ အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော်တို့ အဆုံးထိတိုက်ပွဲဝင်ခဲ့လို့ နောက်ဆုံးမှာ ဆုလဒ်ကိုရရှိခဲ့တယ်လို့ ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ကင်မရွန်းလက်ရွေးစင်က "တိုက်စစ်ကစားသမားတွေအတွက် သွင်းဂိုးရဖို့အရေးကြီးပါတယ်။ ယုံကြည်ချက်ရရှိဖို့ သွင်းဂိုးတွေလိုအပ်ပါတယ်။ ကျွန်တော်တို့က အသင်းလိုက်ကစားတာဖြစ်လို့ ဒီဂိုးက အားလုံးနဲ့သက်ဆိုင်ပါတယ်။ ဒီနေ့နိုင်ဖို့ ကျွန်တော်တို့ အရမ်းအလုပ်ကြိုးစားခဲ့ရပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာတော့ နိုင်ငံတကာပွဲစဉ်‌တွေစတင်တော့မှာဖြစ်လို့ ယူနိုက်တက်ကစားသမားတွေဟာ နိုင်ငံ့လက်ရွေးစင်အသင်းတွေနဲ့ သွားရောက်ပူးပေါင်းကြမှာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ မန်စီးတီးကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။

ဆက်လက်ပြီး နည်းပြရူဘင်အာမိုရင်ကလည်း "ပွဲက ကောင်းကောင်းမွန်မွန်ပဲပြီးဆုံးခဲ့ပါတယ်။ အသင်းက ဒီနိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ကျွန်တော်တို့ အခွင့်အရေးတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက ကျွန်တော်တို့ပွဲကို ဖြတ်နိုင်ခဲ့သင့်တာပါ။ ခံစစ်ပိုင်းက ၂ ဂိုးပေးခဲ့‌ရပေမယ့် သူတို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒါကြောင့် အသင်းက နိုင်ပွဲနဲ့ထိုက်တန်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။