ဘယ်လ်ဂျီယံသားတွေ သူ့နှာခေါင်းကို ပစ်မှတ်ထားလည်း ဂရုမစိုက်ကြောင်း ပြောကြားလာတဲ့ အမ်ဘာပေ
ပြင်သစ်စူပါစတား ကီလီယန်အမ်ဘာပေက ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားတွေအနေနဲ့ သူ့ရဲ့နှာခေါင်းကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့မယ်ဆိုရင်လည်း ဂရုစိုက်မှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြင်သစ်အသင်းခေါင်းဆောင်ဟာ ဩစတြီးယားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးဒဏ်ရာရခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ရကာ ပိုလန်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှသာ မျက်နှာအကာအကွယ်နဲ့ ပြန်လည်ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တိုက်စစ်ကစားသမားက “တကယ်လို့ ပွဲတစ်ပွဲမှာ ကစားသမားတစ်ယောက် နှာခေါင်းကျိုးနေပြီး ခွဲစိတ်ကုသမှုမခံယူရသေးဘူးဆိုရင် အဲဒီကစားသမားက သေချာပေါက် ပြိုင်ဘက်ရဲ့အဓိကပစ်မှတ်ဖြစ်လာမှာပါပဲ။ ကျွန်တော့်အနေနဲ့ အိမ်ပြီး ခွဲစိတ်မှုမပြုလုပ်ဘဲ ပြိုင်ပွဲမှာဆက်ကစားမယ်ဆိုရင် ဘာတွေနဲ့ရင်ဆိုင်သွားရမလဲဆိုတာ သိထားပြီးသားပါ။ ဒါပေမယ့် ဒီအသင်းရဲ့ဂျာစီအတွက် တတ်နိုင်သမျှပေးဆပ်ဖို့နဲ့ ပြင်သစ်ကို အမြင့်ဆုံးအဆင့်ထိရောက်နိုင်ဖို့ ကူညီပေးချင်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော့်ရဲ့နှာခေါင်းကို တစ်ယောက်ယောက်က ထပ်ချိုးမယ်ဆိုရင်တော့ ချိုးပါစေ။ ကျွန်တော်အကျိုးခံလိုက်ပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အမ်ဘာပေက သူ့အနေနဲ့ ဒဏ်ရာကြောင့် ပြိုင်ပွဲပြီးတဲ့အထိ အနားယူရမယ်ထင်ခဲ့လို့ အလွန်စိုးရိမ်ခဲ့ကြောင်းကို “အဲဒီတုန်းက ကျွန်တော့်ရဲ့မျက်နှာကို တစ်ခုခုနဲ့တိုက်မိသွားတော့ ဘာဖြစ်သွားမှန်းမသိလိုက်ပါဘူး။ နှာခေါင်းကျိုးသွားတာကိုလည်း မခံစားခဲ့ရဘူး။ ပြီးတော့ ကျွန်တော် ဂိုးသမားကို ကြည့်လိုက်တဲ့အချိန်မှာတစ်ခုခုတော့ မှားနေပြီဆိုတာသိလိုက်ပါတယ်။ အဝတ်လဲခန်းထဲကိုပြန်ရောက်တဲ့အချိန်မှာတော့ လူကတော်တော်တုန်လှုပ်နေပါပြီ။ အိမ်ပြန်ရတော့မယ်ထင်ခဲ့ပါတယ်”
“ဒဏ်ရာစရတဲ့အချိန်မှာ ကျွန်တော်နဲ့ပတ်သက်တဲ့သတင်းတွေအများကြီးတက်လာတော့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော် ၂ ညလောက်အထိ အိပ်မပျော်ခဲ့ပါဘူး။ ပြီးတော့ နယ်သာလန်နဲ့ပွဲမှာ အသင်းကိုမကူညီနိုင်ဘဲ အရန်ခုံထိုင်နေခဲ့ရတာက တကယ်ကိုခက်ခဲပါတယ်။ တော်တော်လေး အားကိုးရာမဲ့နေတယ်လို့ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ပိုလန်နဲ့ပွဲမှာပြန်ကစားနိုင်ခဲ့လို့ ကံကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
အမ်ဘာပေက မျက်နှာဖုံးကိုအသုံးပြုပြီးကစားရတာက သူ့အတွက် အလွန်ခက်ခဲကြောင်းနဲ့ မျက်နှာဖုံးနဲ့လိုက်လျောညီထွေဖြစ်ဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး မျက်နှာဖုံးအမျိုးအစား ၅ ခုမက ပြောင်းလဲတပ်ဆင်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က “မျက်နှာဖုံးကြီးစွပ်ပြီးကစားရတာ တကယ်ကိုကြောက်စရာကောင်းပါတယ်။ မျက်နှာဖုံးတွေမှာ ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုမဟုတ်တစ်ခုရှိနေလို့ တစ်ခုပြီးတစ်ခုပြောင်းလဲတပ်ဆင်ခဲ့ရပါတယ်။ ဒီအရာကြောင့် ချွေးထွက်များသလို၊ မြင်ကွင်းကိုလည်း ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ဒါပေမယ့် မျက်နှာဖုံးမပါဘဲနဲ့လည်း ကျွန်တော်မကစားနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် ၅ ခုကျော်လောက် ပြောင်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီပုံစံနဲ့ပဲကစားနိုင်တာကြောင့် မျက်နှာဖုံးနဲ့ပတ်သက်ပြီး ဆင်ခြေမပေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။