The network connection is lost.

Banner Image

ဘွန်ဒက်စ်လီဂါမှာ စံချိန်သစ်တင်ဖို့ ပစ်မှတ်ထားနေတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းက ဘွန်ဒက်စ်လီဂါမှာ ဂိုး ၁၀၀ ပြည့်စံချိန်တင်နိုင်ဖို့ ပစ်မှတ်ထားနေပြီး နောက်ထပ် ၄ နှစ်လောက်ဆက်ကစားနိုင်ချေရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်သားဟာ ဘိုင်ယန် နဲ့ စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေတာဖြစ်ပြီး ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။တကယ်လို့ တစ်ဦးချင်းစံချိန်ကိုတင်နိုင်မယ်ဆိုရင် စာချုပ်သက်တမ်းထပ်တိုးဖွယ်ရှိနေပါတယ်။ ကိန်းဟာ ၂၀၂၃ တုန်းက တော့တင်ဟမ်ကနေ ဘိုင်ယန်ကိုပြောင်းလာပြီးနောက် ခြေစွမ်းကောင်းတွေပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၈၈ ပွဲမှာ ၈၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကစားသမားဘ၀ ပထမဆုံးဆုဖလားကိုလည်း ရယူနိုင်ဖို့ နီးစပ်နေပါတယ်။ သတင်းတွေကတော့ ကိန်းဟာ လာမယ့်နွေရာသီမှာ ပရီးမီးယားလိဂ် ဒါမှမဟုတ် အမေရိကမြေကိုပြောင်းဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်ကွင်းလယ်လူဟောင်း ဟာမန်းကတော့ ကိန်းအနေနဲ့ ဂျာမနီမြေမှာဆက်နေပြီး လီဝန်ဒေါစကီးရဲ့စံချိန်ကို လိုက်မီနိုင်ဖို့ ကြိုးစားတာကို မြင်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

“ကိန်းအနေနဲ့ အခုအခြေအနေအတိုင်း ဒဏ်ရာကင်းကင်းနဲ့ကစားနိုင်မယ်ဆိုရင် နောက်ထပ် ၄ နှစ်လောက်ကစားနိုင်ပါတယ်။ ပြီးတော့ ဘွန်ဒက်စ်လီဂါဂိုး ၁၀၀ ကျော်လည်းသွင်းယူနိုင်ပါလိမ့်မယ်။ အခုလိုမျိုးလုပ်နိုင်တဲ့ကစားသမားအများကြီးမရှိပါဘူး။ ရာသီတိုင်းသူ့အနေနဲ့ ဘိုင်ယန်အတွက် ဂိုးတွေအများကြီးသွင်းယူနိုင်လောက်မှာပါ။ သူတို့မှာ အရင်တုန်းကလည်း လီဝန်ဒေါစကီးလို ဂိုးအများကြီးသွင်းယူနိုင်တဲ့တိုက်စစ်မှူးရှိပါတယ်။  သေချာတာက တကယ်လို့ ကိန်းအနေနဲ့ ဒီမှာဆက်နေပြီး ဂိုးတွေဆက်သွင်းယူနိုင်လောက်ပါတယ်”လို့ ဟာမန်းက ပြောကြားခဲ့ပါတယ်။

ကိန်းဟာ ဘိုင်ယန်ပရိသတ်တွေရဲ့အသည်းကျော်ဖြစ်လာနေပြီး ဘွန်ဒက်စ်လီဂါဂိုး ၆၀ သွင်းယူထားနိုင်ခဲ့ပါတယ်။ တကယ်လို့ အခုနှုန်းအတိုင်းဆက်ထိန်းထားနိုင်မယ်ဆိုရင် လက်ရှိစာချုပ်သက်တမ်းမကုန်ခင်မှာတင် စံချိန်တင်နိုင်ဖို့များနေပါတယ်။