ပေါင် ၆၃ သန်းတန်ကစားသမားကို ရက်ရှ်ဖို့ဒ်နဲ့ လဲဖို့ မျက်စိကျနေတဲ့ ယူနိုက်တက်
ယူနိုက်တက်ဟာ နည်းပြ ရူဘင်အမ်မိုရင်အတွက် တိုက်စစ်အားဖြည့်ပေးဖို့ မားကပ်ရက်ရှ်ဖို့ဒ်ပါဝင်တဲ့ အလဲအလှယ်ပြုလုပ်ဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အမ်မိုရင်ရဲ့ ချန်လှပ်ထားခြင်းကိုခံခဲ့ရပြီးနောက် ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ တနင်္လာနေ့က နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် အရန်ခုံတွင်သာပါဝင်ခြင်းမတိုင်မီ ပွဲစဉ် ၄ ပွဲမှာ ပါဝင်ခဲ့ရခြင်းမရှိပါဘူး။
ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းတွင် သူ့ရဲ့နေရာကို ပြန်လည်ရရှိရန် အခွင့်အရေးပေးမယ့် ပြိုင်ဆိုင်မှုရှိတဲ့ အသင်းနှင့် လိဂ်များသို့သာ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ ယူနိုက်တက်တွင် ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၁၅၀၀၀ ထက်သာလွန်တဲ့ ဆော်ဒီပရိုလိဂ်မှ ကြီးမားတဲ့ ငွေကြေးဖြင့်ကမ်းလှမ်းမှု ၃ ခုကို ကစားသမားက ပယ်ချခဲ့သလို တူရကီသို့ ပြောင်းရွှေ့မှာကိုလည်း ငြင်းဆိုထားကြောင်း Mail Sport ကဖော်ပြထားပါတယ်။
သူ့ကစားသမားဘဝတွင် စိန်ခေါ်မှုအသစ်နှင့် နောက်ထပ်ခြေလှမ်းများအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့သော်လည်း ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၈ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားတာကြောင့် ယူနိုက်တက်တွင် ဆက်ရှိနေရန် လမ်းဖွင့်ထားဆဲဖြစ်ပါတယ်။ Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုစီမန်ကို ခေါ်ယူဖို့အတွက် ရက်ရှ်ဖို့ဒ်ကို အလဲအလှယ်လုပ်ရန် ကမ်းလှမ်းမှုအား ချိန်ဆနေတယ်လို့ သိရပါတယ်။
စာချုပ်ဖျက်သိမ်းခ ပေါင် ၆၂ သန်း တန်ကြေးရှိတဲ့ အိုစီမန်ဟာ လက်ရှိတွင် တူရကီဘီလူးကြီး ဂါလာတာဆာရေးတွင် အငှားချခြင်းခံထားရပါတယ်။ နိုင်ဂျီးရီးယားကြယ်ပွင့်ဟာ နွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်သို့ အပြောင်းအရွှေ့ပျက်ပြယ်သွားပြီးနောက် နာပိုလီမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အငှားဖြင့် ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ အိုစီမန်ဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အပြင်းအထန် ချိတ်ဆက်ရှိခဲ့ပါတယ်။
အဆိုပါတိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်တွင် နာပိုလီအသင်းသို့ ရောက်ရှိလာခဲ့ပြီး အီတလီဘီလူးကြီးအတွက် ပြိုင်ပွဲစုံ ၁၃၃ ပွဲတွင် ၇၆ ဂိုး သွင်းယူထားပါတယ်။ သူဟာ ၂၀၂၂-၂၃ ရာသီတွင် ၃၃ နှစ်တာကာလအတွင်း နာပိုလီကို ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ လိဂ်ဂိုး ၂၆ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အိုစီမန်က ယခုရာသီတွင် ဂါလာတာဆာရေးအတွက် ၁၅ ပွဲကစား ၁၂ ဂိုး သွင်းယူထားပြီး ယူရိုပါလိဂ်အဖြစ် တော့တင်ဟမ်နှင့်ပွဲမှာ ၂ ဂိုးသွင်းယူပြီး သူ့ရဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်။
အိုစီမန်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ တိုက်စစ်ရွေးချယ်မှုကို တိုးတက်လာစေမှာဖြစ်ပြီး ယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၉ ပွဲတွင် ၂၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းနည်းပြ ကွန်တီက စီးရီးအေချန်ပီယံဖြစ်ရန် တွန်းအားပေးလုပ်နေတဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
ကွန်တီရဲ့အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အတ္တလန္တာက ဂိုးကွာခြားချက်နဲ့ ဦးဆောင်နေပါတယ်။ ရက်ရှ်ဖို့ဒ်သာ အီတလီကလပ်သို့ ပြောင်းရွှေ့ပါက ယူနိုက်တက်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ လူကာကူ၊ မက်တိုမီနေးတို့နှင့် ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။ ယူနိုက်တက်သည် ယခုလတွင် ရက်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုများကို နားထောင်မှာဖြစ်ပြီး အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရန် ကြိုးစားရမှာဖြစ်လို့ အသင်းသစ်မှ အခကြေးငွေပေးပြီး ကစားသမားရဲ့လုပ်ခအများစုအတွက် ကာမိပါက အငှားပြောင်းရွှေ့ရန်လည်း စဉ်းစားမှာဖြစ်ပါတယ်။ ကလပ်ရဲ့ပူးတွဲသွင်းဂိုးအများဆုံးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်အား ချန်လှပ်ထားခြင်းကြောင့် ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။