
ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်အတွက် အသင်းလူစာရင်းမှ ကစားသမားသစ် ၁ ဦးကိုချန်လှပ်သွားရမယ့် မန်စီးတီး
မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်သို့တက်ရောက်နိုင်ဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ပလေးအော့ဖ်ပွဲစဉ် ၂ ပွဲကစားသွားရဖို့ရှိနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေထဲမှ ၁ ဦးကို အဆိုပါပွဲစဉ်တွေအတွက် လူစာရင်းမှချန်လှပ်သွားရမယ်လို့ သိရပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးဟာ ကစားသမားသစ်တွေအဖြစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်၊ ကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်၊ နောက်ခံလူ ခူဆာနော့နဲ့ ဗစ်တာရီးစ်တို့ကို ခေါ်ယူခဲ့ပြီး ယူရိုသန်း ၂၁၀ အထိအသုံးပြုခဲ့ပါတယ်။
ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင်ပွဲဝင်ကလပ်တွေအနေနဲ့ ပလေးအော့ဖ်ပွဲစဉ်တွေအတွက် ကစားသမား ၂၅ ဦးစာရင်းကို သောကြာနေ့မှာ တင်ပြသွားရမှာဖြစ်ပြီး အဆိုပါစာရင်းထဲမှာ လက်ရှိသွင်းထားတဲ့ ကစားသမားစာရင်းမှ ၃ ဦးကိုသာ ပြောင်းလဲအစားထိုးခွင့်ရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ကစားသမားသစ် ၄ ဦးခေါ်ယူထားခဲ့တဲ့ မန်စီးတီးအနေနဲ့ အဆိုပါ ၄ ဦးထဲမှ ၃ ဦးကိုသာ အစားထိုးထည့်သွင်းခွင့်ရှိနေတာကြောင့် အနည်းဆုံး ၁ ဦးကိုတော့ မဖြစ်မနေချန်လှပ်သွားဖို့လိုအပ်နေတာဖြစ်ပါတယ်။
မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရသွားရမယ့် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ အိမ်ကွင်းအီတီဟတ်မှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဘာနေဗျူးမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ၃ ရာသီအတွင်းမှာလည်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့တွေ့ဆုံခဲ့ဖူးတာကြောင့် ယခုတစ်ကြိမ်က စပိန်ချန်ပီယံအသင်းနဲ့ ၄ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ နှစ်ကျော့ပေါင်းရလဒ်အပြီး သရေကျနေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ရီးရဲလ်မက်ဒရစ်ကအနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၂၂-၂၃ ရာသီမှာတော့ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၁ နဲ့အနိုင်ရခဲ့ကာ ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။