The network connection is lost.

Banner Image

ကစားသမားခေါ်ယူမှုတွေကို အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း မန်စီးတီးအကြီးအကဲဝန်ခံ

မန်စီးတီးအသင်းရဲ့ စီအီးအို ဖာရန်းဆိုရီယန်နိုက အသင်းဟာ ယခုနှစ်အတွင်းမှာ ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ် ၁ ဦးသာခေါ်ယူနိုင်ခဲ့တဲ့ မန်စီးတီးဟာ တစ်ရာသီလုံး ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပြီး ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာတော့ မန်စီးတီးဟာ ပေါင်သန်း ၁၈၀ ကျော်အထိသုံးစွဲပြီး ကစားသမားအသစ်တွေဖြစ်တဲ့ အိုမာမာမွတ်ရှ်၊ နီကိုဂွန်ဇာလက်ဇ်၊ ဗစ်တာရီးစ်နဲ့ ကူဆာနော့တို့ကိုခေါ်ယူပြီး အသင်းကို အင်အားဖြည့်တင်းခဲ့ပါတယ်။ 

ကစားသမားသစ် ၄ ယောက်ကိုခေါ်ယူပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာလည်း မန်စီးတီးရဲ့ကစားသမားခေါ်ယူမှုနှုန်းက ကျဆင်းသွားခြင်းမရှိဘဲ ရာယန်ချာကီ၊ နူရီ၊ တီဂျန်နီရိန်ဒါစ်နဲ့ မားကပ်စ်ဘက်တင်နယ်လီတို့ကိုခေါ်ယူဖို့ ပေါင်သန်း ၁၀၀ ဝန်းကျင်ထပ်မံအသုံးပြုခဲ့ပါတယ်။ 

ယခုအခါမှာတော့ ကလပ်ရဲ့စီအီးအိုက "ကျွန်တော်တို့ခေါ်ခဲ့တဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး အရမ်းကျေနပ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့နှစ်စဉ်ပြုလုပ်နေကျ အစီအစဉ်ပါပဲ။ ပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော်တို့ ကစားသမားသစ် ၁ ဦးပဲခေါ်ယူနိုင်ခဲ့ပြီး ဒီနှစ်အတွင်းမှာတော့ စုစုပေါင်း ၈ ယောက်အထိထပ်ခေါ်နိုင်ခဲ့ပါတယ်"

"ဒါက အစီအစဉ်အတိုင်းသွားနေတာပါ။ ကလပ်ကိုသွေးသစ်လောင်းဖို့ ကျွန်တော်တို့လုပ်နေကျအရာပါပဲ။ ဒီထဲက အချို့ကစားသမားတွေကိုတော့ ကျွန်တော်တို့ အမိအရခေါ်ယူနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရတာတွေရှိပါတယ်။ လောလောဆယ်အသင်းမှာရှိနေတဲ့လူစာရင်းကို ကျွန်တော်တို့ အရမ်းကျေနပ်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ မန်စီးတီးနဲ့နည်းပြပက်ဂွါဒီယိုလာတို့ဟာ ယခုနွေရာသီမှာ နောက်ထပ်ကစားသမားသစ်ထပ်မံခေါ်ယူသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ အသင်းမှထွက်ခွာမယ့်ကစားသမားစာရင်းမှာတော့ ဂျက်ခ်ဂရီးလစ်ရှ်၊ ကိုင်လ်ဝေါ်လ်ကာနဲ့ ကယ်ဗင်ဖီးလစ်တို့လို ကြယ်ပွင့်ကစားသမားတွေပါဝင်နေပါတယ်။ 
ဆက်လက်ပြီး ဆိုရီယန်နိုက "ဒါက ဘောလုံးရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ 

ကျွန်တော်တို့က အသင်းတည်ငြိမ်မှုရှိစေဖို့ အဓိကအာရုံစိုက်ပါတယ်။ ဒါကြောင့်ပဲ ပက်နဲ့လက်တွဲခဲ့တဲ့ ၁၀ နှစ်အတွင်း အသင်းကတည်ငြိမ်မှုရှိတယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်။သွေးသစ်လောင်းဖို့အတွက်တော့ လိုအပ်တာတွေလုပ်ရပါတယ်။ ဒါကသာမန်လုပ်နေကျကိစ္စပါပဲ။ ကျွန်တော်တို့နဲ့ ၁၀ စုနှစ်တစ်ခုကြာလက်တွဲခဲ့တဲ့ ကယ်ဗင်ဒီဘရိုင်းလိုကစားသမားမျိုး အသင်းမှာနောက်ထပ်ရှိလာဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။