ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ အတည်ပြုလိုက်တဲ့ အမ်ဘာပေ
ကီလီယန်အမ်ဘာပေဟာ အာဆင်နယ်၊ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချိတ်ဆက်မှုတွေကြားမှာ ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုလာခဲ့ပါတယ်။
လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘာပေဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ၂၀၂၄-၂၅ ရာသီမှာတော့ အသင်းသစ်ရှာဖွေသွားမှာဖြစ်ပါတယ်။ မကြာသေးမီနှစ်တွေမှာ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သော်လည်း စပိန်ကလပ်ရဲ့ ကမ်းလှမ်းချက်တွေကို ပီအက်စ်ဂျီက သဘောတူညီခဲ့ခြင်း မရှိပါဘူး။
ယခုအခါမှာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ကလည်း ဘာပေကို ချိတ်ဆက်မှုတွေပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။ သို့သော် ၂ သင်းစလုံးက လုပ်ခလစာကို လျှော့ချပေးချေဖို့ ဆန္ဒရှိနေကြတာကြောင့် ဘာပေအနေနဲ့ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်မယ်ဆိုရင်တော့ လက်ရှိလစာထက် လျှော့ယူသွားဖို့လိုပါလိမ့်မယ်။
သတင်းတွေအရ ဘာပေဟာ အာဆင်နယ် ဂန္ထဝင်ကစားသမား အွန်နရီရဲ့ခြေရာကို နင်းဖို့အတွက် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းကလည်း ပြင်သစ်ချန်ပီယံအသင်းအတွက် ၂၉၀ ပွဲကစားပြီး ၂၄၃ ဂိုးသွင်းယူထားတဲ့ ဘာပေကို ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
သို့သော်လည်း ဘောလုံးကျွမ်းကျင်သူတွေက ဘာပေဟာ အာဆင်နယ်ရဲ့ လုပ်ခလစာဖွဲ့စည်းပုံအတွက် သက်ရောက်မှုကြီးကြီးမားမားရှိလာနိုင်တာကြောင့် အာဆင်နယ်အနေနဲ့ မခေါ်ယူသင့်ကြောင်း အကြံပေးထားကြပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ ဘာပေ မိုနာကိုကနေ ပီအက်စ်ဂျီသို့ မပြောင်းရွှေ့ခင်ကတည်းက ကစားသမားကို ချိတ်ဆက်ခဲ့တဲ့အသင်းတွေထဲမှာ အာဆင်နယ်ကလည်း တစ်သင်းအပါအဝင်ဖြစ်ပါတယ်။