
ပရီးမီးယားလိဂ်က အဆင့်အတန်း ပိုမြင့်ကြောင်း ဝန်ခံလိုက်တဲ့ ယူနိုက်တက် ကစားသမားသစ် ဘင်ဂျမင် ဆက်စ်ကို
ယူနိုက်တက်ရဲ့ ငွေအကုန်အကျခံပြီး ခေါ်ယူထားတဲ့ ကစားသမားသစ် ဘင်ဂျမင် ဆက်စ်ကိုဟာ ဘွန်ဒက်စ်လီဂါထက် ပရီးမီးယားလိဂ်ရဲ့ ‘အဆင့်အတန်းက အများကြီး ပိုမြင့်တယ်’လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘင်ဂျမင် ဆက်စ်ကိုကို ခေါ်ယူဖို့အတွက် ပေါင် ၇၄ သန်းအထိ သုံးစွဲခဲ့ပြီး ဆက်စ်ကိုဟာ အာရ်ဘီ လိုက်ပ်ဇစ်အသင်းကနေ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်မှာ ပွဲဦးထွက်ကစားခဲ့တဲ့ ၄ ပွဲမှာ ဂိုးပေါက်တွေ့ဖို့ ရုန်းကန်နေရပြီး ရာသီအစမှာ ဖြည်းဖြည်းချင်းပဲ စတင်နိုင်ခဲ့ပါတယ်။
နည်းပြ ရူဘင် အမ်မိုရင်ကတော့ ပြီးခဲ့တဲ့ရာသီက တိုက်စစ်ပိုင်း ရုန်းကန်ခဲ့ရတာတွေကြောင့် ဆက်စ်ကိုအပြင် အသစ်ခေါ်ယူထားတဲ့ ဘရိုင်ယန် အမ်ဘိုမိုနဲ့ မက်သီးယက်စ် ကူညှာတို့က လိုအပ်နေတဲ့ တိုက်စစ်အင်အားကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာပါ။ ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲ ၆၄ ပွဲမှာ ၂၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် အင်္ဂလန်ဘောလုံးလောကရဲ့ အဆင့်အတန်းက ဂျာမနီထက် အများကြီး ပိုမြင့်တယ်လို့ ပြောပါတယ်။
‘ပွဲစဉ်တွေရဲ့ အဆင့်အတန်းက သေချာပေါက် ပိုမြင့်ပါတယ်။ ကစားသမားတွေနဲ့ အသင်းဖော်တွေကလည်း အဆင့်အတန်း ပိုမြင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်ဘောလုံးလောကဟာ ကမ္ဘာ့ဘောလုံးလောကမှာ အမြင့်ဆုံးအဆင့်မှာ ရှိနေတာပါ။ ဒါပေမဲ့ လာမယ့်ကာလတွေကို ကျွန်တော် အရမ်းမျှော်လင့်နေပါတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ပိုကောင်းလာပြီး ပိုမြန်လာနေတဲ့အပြင် ဘောလုံးအသိစိတ်ဓာတ်လည်း နေ့တိုင်း တိုးတက်လာနေလို့ပါ။ အင်္ဂလန်ကို ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပြီး ကျွန်တော့်ရဲ့ဆန္ဒ ပြည့်မြောက်ခဲ့လို့ ကံကောင်းမိပါတယ်’လို့ ဆက်စ်ကိုက Ekipa သို့ ပြောပါတယ်။
ယူနိုက်တက်အသင်းကတော့ လာမယ့်ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး ဆက်စ်ကိုဟာ သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီပွဲစဉ်ကို အပြင်းအထန် မျှော်လင့်နေကြောင်းလည်း တိုက်စစ်မှူး ဆက်စ်ကိုက ဝန်ခံခဲ့ပါတယ်။
‘ဒါဟာ အံ့မခန်းအရေးကြီးတဲ့ပွဲတစ်ပွဲဆိုတာ အမှန်ပါ။ ဒီပွဲကို အနိုင်ရဖို့အတွက် နှစ်ဖက်လုံးမှာ ဖိအားအချို့ ရှိနေမှာပါပဲ။ ဒီပွဲအတွက် အချိန်ရှိပါသေးတယ်။ ဒါပေမဲ့ ထိပ်တန်းပွဲတစ်ပွဲအတွက် ကျွန်တော်တို့ သေချာပေါက် မျှော်လင့်နေပါတယ်’ လို့ ဆက်စ်ကိုက ပြောကြားခဲ့ပါတယ်။
အခုဆိုရင် ဆက်စ်ကိုဟာ ဆွစ်ဇာလန်နဲ့ ဆွီဒင်အသင်းတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ်တွေအတွက် ဆလိုဗေးနီးယားလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီး လက်ရွေးစင်အသင်းမှာ ပုံမှန်အတိုင်း ဂိုးပြန်သွင်းနိုင်ဖို့ မျှော်လင့်နေမှာပါ။