The network connection is lost.

Banner Image

ပယ်လ်မာလည်း လူစာရင်းကနေ ချန်လှပ်ခံရနိုင်ကြောင်း ပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုးလ်ပယ်လ်မာဟာလည်း ခြေစွမ်းပိုင်းတိုးတက်ခြင်းမရှိပါက အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံရနိုင်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးမှ ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ပယ်လ်မာဟာ အသင်းသို့စတင်ရောက်ရှိချိန်မှာတော့ ခြေစွမ်းပြသကစားနိုင်ခဲ့ပြီး တည်ငြိမ်တဲ့ ကစားဟန်ကိုတောက်လျှောက် ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဲဗာတန်ကို ၀-၀ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာတော့ ပယ်လ်မာဟာ ပြိုင်ဘက်ကစားသမားတွေရဲ့ အဓိကပစ်မှတ်ထား လူကပ်ကစားမှုကို ခံခဲ့ရတာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် မာရက်စ်ကာက “ဒီလို ပစ်မှတ်ထားပြီး လူကပ်ကစားခံရတဲ့ အခြေအနေတွေမှာ သူ့အနေနဲ့ တိုးတက်အောင်ပြုလုပ်ဖို့လိုနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားရတာ အဆင်မပြေဖြစ်ပြီး စိတ်ပျက်နေတဲ့အခါမှာ ပွဲအပေါ်ကို အာရုံစိုက်မှု လျော့နည်းသွားနိုင်ပါတယ်။ တစ်ပွဲပြီးတစ်ပွဲ ဒီပြဿနာကို နားလည်လာဖို့လိုပါတယ်”

“ကျွန်တော်တို့ သူ့ကို ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ လူစာရင်းကနေ ထုတ်ပယ်ထားပါတယ်။ ဒါကြောင့် သူက ပရီးမီးယားလိဂ်မှာ ပုံမှန်ကစားခွင့်ရနေပါတယ်။ ပြီးတော့ ဖိုဖာနာနဲ့ လာဗီယာတို့ကလည်း ကွန်းဖရန့်လိဂ်မှာ ကစားခွင့်မရလို့ ပရီးမီးယားလိဂ်မှာ ကစားထားနိုင်တာပါ။ ဒါပေမယ့် သူတို့အားလုံး ပရီးမီးယားလိဂ်မှာ ပုံမှန်ကစားခွင့်ရမယ်လို့တော့ အာမခံမပေးနိုင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အီတလီသားက “ကျွန်တော် တစ်ပွဲပြီးမှ တစ်ပွဲ ဆုံးဖြတ်ချက်ချပါတယ်။ ပယ်လ်မာအနေနဲ့ ဂိုးတွေသွင်း၊ ဖန်တီးမှုတွေပြုလုပ်ပြီး ကျွန်တော်တို့ကို ကူညီနေပါတယ်။ သူနဲ့အတူ နီကိုလက်စ်ဂျက်ဆန်ကလည်း ဂိုးမသွင်းနိုင်ရင်တောင် ပြိုင်ဘက်ကို ဖိအားပေးဖို့ ကူညီပေးထားနိုင်ပါတယ်။ 

လောလောဆယ်မှာတော့ ဖူလ်ဟမ်နဲ့ပွဲအတွက် အာရုံစိုက်ထားပါတယ်။ အသင်းကနေထွက်ခွာချင်တဲ့ ကစားသမားတွေရှိနေရင် ထွက်ခွာဖို့ ခွင့်ပြုသွားမှာပါ။ ကစားသမားတစ်ယောက်က အသင်းကနေထွက်ဖို့ တံခါးလာခေါက်ပြီဆိုရင် ဒီမှာပဲ ၁၀၀ ရာခိုင်နှုန်းနေရမယ်လို့ ကျွန်တော်ကတော့ တားမှာမဟုတ်ပါဘူး။ သူအသင်းကနေထွက်ချင်တာ ဒီမှာမပျော်လို့ပါ။ ဒါပေမယ့် လက်ရှိအသင်းမှာရှိနေတဲ့ကစားသမားတိုင်း မထွက်ချင်တာ အကောင်းဆုံးပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

အန်ဇိုမာရက်စ်ကာက မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အတော်လေးဆိုးဝါးတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံနေရတယ်ဆိုပေမယ့် အချိန်တန်ရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ် ပြန်လည်ရရှိလာပြီး ဆုဖလားကို စိန်ခေါ်နိုင်ဦးမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

အီတလီသားက “အဆုံးမှာတော့ မန်စီးတီးက ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်လာဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးက ဒီအသင်းမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး။ သူတို့က ပွဲစဉ်တိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ အခုချိန် သူတို့မှာ ကစားသမား အလုံအလောက်မရှိပါဘူး။ ဒဏ်ရာပြဿနာကနေ ပြန်လာနိုင်တဲ့ အချို့ကစားသမားတွေကလည်း ၁၀၀ ရာခိုင်နှုန်းကြံ့ခိုင်မှုမရှိပါဘူး။ အရမ်းခက်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ပြောကြားခဲ့ပါတယ်။