
ယူရိုပြိုင်ပွဲအတွက် နောက်ဆုံးအကြိမ်ပြင်ဆင်မှုမတိုင်ခင် စီရော်နယ်ဒိုရဲ့အခြေအနေကို ဖွင့်ဟပြောပြလာတဲ့ မာတီနက်ဇ်
ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြမာတီနက်ဇ်က ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် တိုက်စစ်ကြယ်ပွင့် စီရော်နယ်ဒိုရဲ့ကြံ့ခိုင်မှုပိုင်း နောက်ဆုံး အခြေအနေကို ရှင်းပြလိုက်ပါတယ်။
၂၀၁၆ ချန်ပီယံတွေက ဒီညမှာ အိုင်ယာလန်နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရင်း ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးအကြိမ်သွေးပူလေ့ကျင့်ခန်းကို လုပ်ဆောင်သွားပါလိမ့်မယ်။ အသက်-၃၉ နှစ်အရွယ် စီရော်နယ်ဒိုကလည်း ၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်၊ မော်ရိုကို,ကို ရှုံးနိမ့်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ဝမ်းနည်းကြေကွဲမှုကို တဖန်ပြန်လည်လက်စားချေခွင့်ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။
ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးအပြီး စီရော်နယ်ဒိုရဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူသွားမယ့် အလားအလာအပေါ် စိုးရိမ်မှုတွေ မြင့်မားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းကတော့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေမှာ ပေါ်တူဂီအသင်း ရှုံးပွဲမရှိဖြတ်သန်းနိုင်အောင် တဖက်တလမ်းမှ ကူညီပေးခဲ့ပါတယ်။
စီရော်နယ်ဒိုအနေဖြင့် အခုနွေရာသီ၊ ဂျာမနီနိုင်ငံမှာကျင်းပမယ့်ပြိုင်ပွဲအတွင်း ပေါ်တူဂီအသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ပါဝင်ကစားသင့်သလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ လတ်တလောနေ့ရက်တွေမှာ ရှိလာခဲ့ပါတယ်။ အာဆင်နယ်ဂန္တဝင်ပေါလ်မာဆင်ကလည်း အုပ်စုအဆင့်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ငါးကြိမ်ဆုရှင် အရန်ခုံထိုင်ရလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန်နည်းပြဟောင်းမာတီနက်ဇ်ကတော့ ခရိုအေးရှားကိုအရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ အသက်-၄၁ နှစ်အရွယ် ဝါရင့်နောက်ခံလူပီပီတို့ကို အိုင်ယာလန်နဲ့ခြေစမ်းပွဲစဉ်အတွက် တက်နိုင်သမျှ ပွဲကစားချိန်ပေးအပ်သွားဖို့ လိုလားနေပါတယ်။
တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြက “မနက်ဖြန်ပွဲစဉ်အတွက် ကျွန်တော်တို့အသင်းမှာ ရူဘင်ဒီယက်စ်၊ ပီပီနဲ့ စီရော်နယ်ဒိုတို့ ရှိပါတယ်။ ဒါက အခြားကစားသမားတွေအတွက် ပွဲထွက်ခွင့်ပေးဖို့ အကောင်းဆုံး ပွဲစဉ်တစ်ခုဖြစ်ပေမယ့် သူတို့လည်း ပွဲကစားချိန်မိနစ်တွေ ရရှိပါလိမ့်မယ်”လို့ ပြောပါတယ်။
စီရော်နယ်ဒိုက အခုရာသီ၊ ကလပ်အသင်းအဆင့်ပွဲစဉ်တွေမှာလည်း အကောင်းဆုံးပုံစံရရှိနေပါတယ်။ သူက အယ်လ်နာဆာအတွက် ၄၅ ပွဲကစား၊ ၄၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့အရည်အချင်းနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေက ပေါ်တူဂီလက်ရွေးစင်အသင်း အတွက် အဓိကအရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်လို့ မာတီနက်ဇ်ကိုယ်တိုင်လည်း ယုံကြည်နေပါတယ်။
“ကစားသမား ၁၁ ဦးလုံး တိုက်စစ်၊ခံစစ်ကစားနေဖို့က ကျွန်တော်တို့အတွက် အရေးပါလွန်းပါတယ်။ စီရော်နယ်ဒိုမှာလည်း အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ဒီလိုအတွေ့အကြုံမျိုး ဘယ်သူ့ဆီမှာမှ မရှိပါဘူး။ သူက ပြိုင်ဘက်ဂိုးဧရိယာထဲ နေရာလွတ်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်းသိသလို ထူးရှယ်အဆုံးသတ်သမား၊ ထူးရှယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။
ကျွန်တော်တို့ကစားခဲ့ရတဲ့ နောက်ဆုံးပွဲစဉ်ခုနစ်ခုမှာ စီရော်နယ်ဒိုရဲ့အာရုံစူးစိုက်မှု၊ ခံစစ်ပြင်ဆင်ရချိန် နေရာယူပုံတွေက ပြီးပြည့်စုံလွန်းပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် သံသယတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ လုံးဝမရှိပါဘူး”လို့ မာတီနက်ဇ်က ဆက်ပြောပါတယ်။
စီရော်နယ်ဒိုရဲ့အခုလိုကာလရှည်စွမ်းဆောင်နိုင်မှုတွေကြောင့်ပဲ ဒီခေတ်မျိုးဆက်ရဲ့အကြီးကျယ်ဆုံးဘောလုံးသမားတွေအနက် တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရတာပါ။ ပေါ်တူဂီလက်ရွေးစင်အသင်း အတွက် ၁၂၈ ဂိုးအထိ သွင်းယူပေးထားတဲ့ စီရော်နယ်ဒိုက နိုင်ငံ့လက်ရွေးစင်ကစားသမားတွေအနက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်နေပြိး အခုနွေရာသီ၊ ဂျာမနီမြေမှာလည်း သူ့ရဲ့စံချိန်ကို ထပ်မံတိုးမြှင့်သွားဖို့ လိုလားနေပါလိမ့်မယ်။
မာတီနက်ဇ်ကတော့ ပွဲစဉ်တွေအတွင်း ခံစစ်ရော တိုက်စစ်အတွက်ပါ စီရော်နယ်ဒို ပြင်ဆင်နိုင်ပါ့မလား အာမ,မခံပေမယ့် အသက်-၃၉ နှစ်အရွယ်ကစားသမားရဲ့ကြံ့ခိုင်မှုစွမ်းရည်နဲ့ ပြိုင်ပွဲတလျှောက်ကစားနိုင်ရေး အဆင်သင့်ဖြစ်နေမှုအပေါ် သံသယမရှိဘူးလို့ နောက်တစ်ကြိမ်အတည်ပြုပေးခဲ့ပါတယ်။
မာတီနက်ဇ်က “ ဥရောပနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ဖြစ်ပျက်နေတဲ့အရာတွေကို ကျွန်တော်တို့တွေ နေ့စဉ် အကဲဖြတ်သုံးသပ်သွားဖို့ လိုအပ်ပါတယ်။ ပွဲစဉ်တိုင်းမှာ မတူညီတဲ့အဖြစ်အပျက်တွေ ရှိပါတယ်။ စီရော်နယ်ဒိုက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ၅၁ ပွဲအထိ ကစားပြီး ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သူက ပြိုင်ပွဲအများကြီးမှာ ကစားခဲ့တာပါ။ ဒါပေမယ့် ကလပ်အသင်းအဆင့်နဲ့ နိုင်ငံ့လက်ရွေးစင်အဆင့်က မတူညီကြပါဘူး။ ကျွန်တော်ကတော့ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအတွင်းမှာရော၊ အချိန်တိုင်းမှာပါ ဒီကိစ္စကို တွက်သွားရပါမယ်”လို့ ဆိုပါတယ်။