
မန်စီးတီးအသင်းခေါင်းဆောင်တာဝန် ထမ်းဆောင်ရမယ့် ဝါရင့်ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား
အသင်းအတွက် သူ့ရဲ့နောက်ဆုံးဘောလုံးရာသီ ဖြစ်လာနိုင်တယ်လို့ ဘာနာဒိုဆေးလ်ဗားကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်းမပြုမီ ပေါ်တူဂီသားကွင်းလယ်ကစားသမားကို မန်စီးတီးအသင်းခေါင်းဆောင်သစ်အဖြစ် ပက်ဂွါဒီယိုလာက ရွေးချယ်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် ပက်ဂွါဒီယိုလာက အသင်းကပ္ပတိန်ရာထူးအတွက် ကစားသမားတွေနဲ့ ဝန်ထမ်းတွေကိုယ်တိုင် မဲပေးရွေးချယ်ဖို့ တာဝန်ပေးလေ့ရှိပေမယ့် အခုတော့ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့သဘောဆန္ဒအရ အသင်းကပ္ပတိန်တာဝန်ကို ဘာနာဒိုဆေးလ်ဗား၊ လက်ထောက်ကပ္ပတိန်နေရာတွေမှာ ရူဘင်ဒီယက်စ်၊ ရိုဒရီနဲ့ ဟာလန်းတို့ကို ရွေးချယ်ပေးခဲ့ပါတယ်။
၂၀၂၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးဖွယ်ရှိတဲ့ စာချုပ်ကို သက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားတယ်လို့ ဘာနာဒိုဆေးလ်ဗားကိုယ်တိုင် အရိပ်အမြွက်ပြောကြားထားခြင်းကြောင့် လာမယ့်ဘောလုံးရာသီက ကစားသမားရဲ့အီတီဟတ်ကွင်းနောက်ဆုံးရာသီ ဖြစ်လာနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မိုနာကိုမှရောက်ရှိလာတဲ့ အသက်-၃၀ နှစ်အရွယ်ကစားသမားက ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ဘင်ဖီကာဆီ ပြန်သွားဖို့ ချိတ်ဆက်မှုတွေ ရှိထားပါတယ်။
ဘာနာဒိုဆေးလ်ဗားက “ ဘာတွေလုပ်သွားရမလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ပြောလို့မရသေးပါဘူး။ ကျွန်တော့်ရဲ့ဘောလုံးရာသီနဲ့ မန်စီးတီးအတွက် အကောင်းဆုံးပါဝင်ကစားပေးဖို့ကိုသာ အာရုံစိုက်ထားပါတယ်။ အချိန်ကျလာရင်တော့ ကျွန်တော် ထုတ်ပြောပါမယ်။
ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက တစ်နှစ်ပဲကျန်တော့လို့ လာမယ့်ရာသီမှာ ထွက်ခွာသွားရနိုင်တယ်ဆိုတာ သိသာပါတယ်။ အတိတ်မှာလည်း ကျွန်တော့်အတွက် ရွေးချယ်စရာတွေ ရှိခဲ့ပြီးပါပြီ။ ဒီနှစ်လည်း မနှစ်ကလိုပဲ မန်စီးတီးမှာ ဆက်ရှိနေဖို့ ကျွန်တော်ရွေးချယ်ထားပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ မန်စီးတီးအသင်းရဲ့ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ဖို့ ရွေးချယ်ခံရပြီးနောက် ဘာနာဒိုဆေးလ်ဗားက အသင်းခေါင်းဆောင်ဖြစ်လာဖို့ ခြေတစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်တာကာလတုန်းက မန်စီးတီးအသင်းကပ္ပတိန်အဖြစ် ကိုင်လ်ဝေါ်လ်ကာ တာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ပျက်ဖွယ်ဘောလုံးရာသီအတွင်း မနှစ်သက်တဲ့အရာတွေကို မြင်တွေ့ခဲ့ပြီးနောက် အခုနွေရာသီ၊ အသင်းခေါင်းဆောင်ရွေးချယ်မှုကို ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်သွားမယ်လို့ ပက်ဂွါဒီယိုလာက ထုတ်ပြောခဲ့ပါတယ်။
အေစီမီလန်ဆီ အငှားဖြင့်ထွက်ခွာသွားပြီးနောက် အသင်းနဲ့ပြန်လည်ပူးပေါင်းလာတဲ့ ဝေါ်လ်ကာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းလူစာရင်းမှာလည်း မပါဝင်လာခဲ့ပါဘူး။ ပက်ဂွါဒီယိုလာက “ ကျွန်တော်က အခုဘောလုံးရာသီအတွက် နည်းပြ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့နည်းပြသက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အသင်းကပ္ပတိန်ဘယ်သူဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ကျွန်တော် သဘောမကျပါဘူး။ အခုဘောလုံးရာသီအတွက် ကျွန်တော်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးခဲ့ပါတယ်။
တခါတလေတော့ ကျွန်တော်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးချင်ပါတယ်။ ဒါကြောင့် အခုဘောလုံးရာသီအတွက် ကျွန်တော် ဆုံးဖြတ်ပေးလိုက်ပါပြီ။ အခု ကပ္ပတိန်လေးဦးအထိ ရွေးချယ်ထားပါတယ်။ ကလပ်ကမ္ဘာ့ဖလားအပြီးမှာတော့ အသင်းခေါင်းဆောင်အဖြစ် တစ်ဦး(သို့မဟုတ်)နှစ်ဦးလောက်ပဲ ရွေးချယ်နိုင်ပါတယ်”လို့ ပြောပါတယ်။