The network connection is lost.

Banner Image

နော်ဂတ်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကို မာတင်နယ်လီ ပြင်းပြင်းထန်ထန် ဝေဖန်

အာဆင်နယ်တောင်ပံကစားသမား ဂါဘရီယယ်မာတင်နယ်လီက ဘရန့်ဖို့ဒ်ကွင်းလယ်လူ ခရစ္စတီယန်နော်ဂတ်ရဲ့ မနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဖျက်ထုတ်ခဲ့ပုံကို "ပြင်းထန်တယ်" လို့ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ဒိန်းမတ်လက်ရွေးစင်ဟာ အနီကတ် ပြသခံသင့်တယ်လို့လည်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဂန်းနားတို့ဟာ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်နဲ့ ၁-၁ သရေကျခဲ့တာကြောင့် သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်တွေဟာ ပိုမို မှေးမှိန်သွားခဲ့ပါတယ်။ 

သောမတ်စ်ပါတေးက မိနစ်၆၀ကျော်မှာ အာဆင်ဝယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ယိုအန်ဝစ်ဆာရဲ့ ချေပဂိုးကြောင့် အာတီတာရဲ့အသင်းဟာ အရေးကြီးတဲ့ ရမှတ်နှစ်မှတ်ကို လက်လွတ်ခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာခဲ့ပါတယ်။

အငြင်းပွားဖွယ်ရာ ဖြစ်ရပ်ဟာ ပထမပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရစ္စတီယန်နော်ဂတ်ဟာ ပြင်းထန်စွာ ဝင်ရောက်ဖျက်ထုတ်ခဲ့လို့ မာတင်နယ်လီ မြေပြင်ပေါ်ကို လဲကျသွားသလို ဒိန်းမတ်သားလည်း အဝါကတ် ပြသခံခဲ့ရပါတယ်။ ပွဲပြီးသွားချိန်မှာ ဘရာဇီးတောင်ပံကစားသမားဟာ နော်ဂတ်ကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး သူခံရတဲ့ ဖျက်ထုတ်မှုဟာ ပိုပြီးပြင်းထန်တဲ့ အပြစ်ပေးမှု ခံသင့်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

မာတင်နယ်လီက "အဲ့ဒါကို ပြန်မကြည့်ရသေးပေမယ့် ကျွန်တော့်အမြင်အရ အဲ့ဒီအချိန်တုန်းက ကျွန်တော့်ရဲ့ ခြေထောက်ဟာ မြေပြင်မှာရှိနေမယ်ဆိုရင် သူ ကျွန်တော့်ရဲ့ ခြေထောက်ကို ချိုးပစ်နိုင်တယ်။ သူက ရည်ရွယ်ချက်မရှိဘူးလို့ ပြောတယ်။ ကျွန်တော် သူ့ကို ယုံတယ်။ ဒါပေမယ့် သူ ကျွန်တော့်ရဲ့ ခြေထောက်ကို ချိုးပစ်နိုင်တယ်။ ကျွန်တော့်အတွက်တော့ အနီပဲ။ သေချာအောင် ကျွန်တော် ပြန်ကြည့်ဖို့လိုသေးတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲ့ဒါက ပြင်းထန်လွန်းတယ်။" လို့ ပြောကြားခဲ့ပါတယ်။

လိဂ်ဖလား မျှော်လင့်ချက်တွေက မရေမရာဖြစ်နေချိန် အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဘက်ကို အာရုံစိုက်သွားမှာဖြစ်ပြီး ဧပြီလ (၁၆) ရက်နေ့ ဘာနေဗျူးမှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် သုံးဂိုးအသာရထားပါတယ်။