The network connection is lost.

Banner Image

လန်ဒန်ကိုရောက်ရှိနေပြီဖြစ်တဲ့ အာဆင်နယ်စတားသစ် ဇူဘီမန်ဒီ

သတင်းတွေအရ အာဆင်နယ်ကွင်းလယ်လူသစ် ဇူဘီမန်ဒီတစ်ယောက် အပြောင်းအရွှေ့အပြီးသတ်ဖို့ လန်ဒန်ကိုရောက်ရှိနေပြီလို့ သိရပါတယ်။ ရီးရဲလ်အသင်းဘက်က ကြားဖြတ်လုယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အာဆင်နယ်က လာလီဂါရဲ့အကောင်းဆုံးကစားသမားတစ်ဦးကို အရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း အက်သလက်တစ်ရဲ့အဆိုအရ စပိန်သားဟာ အာဆင်နယ်ထံရောက်ရှိနေပြီး အပြောင်းအရွှေ့အပြီးသတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဇူဘီမန်ဒီကိုခေါ်ယူနိုင်ခဲ့ရာမှာ အာတီတာက အဓိကနေရာကနေပါဝင်ခဲ့တာဖြစ်ပြီး အသင်းထံလာရောက်ကစားချင်အောင် စွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ယခင်တုန်းကလည်း အာတီတာဟာ ဆိုစီဒက်ဆီကနေ မာရီနိုကိုခေါ်ယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စာရွက်စာတမ်းတွေပြင်ဆင်နေပြီး ဇူလိုင်လထဲမှာ တရားဝင်ကြေညာဖွယ်ရှိနေပါတယ်။ ဂျော်ဂျင်ဟိုက ဖလာမင်ဂိုအသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်သလို ပါတေးအခြေအနေကလည်း မသေချာသေးတာကြောင့် အာဆင်နယ်အနေနဲ့ ကွင်းလယ်ပိုင်းလိုအပ်ချက်ရှိနေတာဖြစ်ပါတယ်။

ပါတေးဆက်နေဖို့ကို စည်းရုံးနေပေမယ့် အဆင်မပြေသေးတာကြောင့် အာဆင်နယ်အနေနဲ့ ဇူဘီမန်ဒီအပြင် နောက်ထပ်ကစားသမားတစ်ဦးခေါ်ယူဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ စီနီယာအသင်းထံရောက်ပြီးကတည်းက ဇူဘီမန်ဒီဟာ ဆိုစီဒက်အတွက် ၂၃၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး စပိန်အသင်းရဲ့အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားတွေထဲကတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့အတွေ့အကြုံ နဲ့ လုပ်အားနှုန်းက အင်္ဂလိပ်ဘောလုံးကစားဟန်နဲ့အဆင်ပြေနိုင်ချေရှိနေပြီး အာတီတာအပြင် စပိန်သားတွေဖြစ်တဲ့ မာရီနို ၊ ရာယာတို့လည်းရှိနေတာကြောင့် အလျင်အမြန်အထိုင်ကျဖွယ်ရှိနေပါတယ်။