
နော့တင်ဟမ်ဖောရက်စ်နဲ့ သရေကျပြီးနောက် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် အခြေအနေအတွက် စိုးရိမ်စရာခန့်မှန်းတဲ့ မာတင်ကီယွန်
အာဆင်နယ်ဟာ အောင်မြင်မှု အလွန်လိုအပ်နေချိန်မှာ စီးတီးဂရောင်းတွင် အဆင့် ၃ နေရာက ဖောရက်စ်နဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ အာတီတာရဲ့အသင်းကို ထပ်မံဒုက္ခပေးခဲ့တာက တိုက်စစ်ပိုင်းမှာ အရင်ကတည်းက ရှိနေတဲ့ အားနည်းချက်တွေဖြစ်ပါတယ်။တစ်ဖက်မှာ လီဗာပူးက အန်ဖီးမှာ နယူးကာဆယ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်မယ့် မျှော်လင့်ချက်ဟာ ဆက်လက်ရှင်သန်ဖို့ ခပ်ရေးရေးပဲ ဖြစ်နေပါတယ်။
တိုက်စစ်ပိုင်းမှာ အဓိက ကစားသမားတွေ မပါဝင်နိုင်သေးတဲ့ အခြေအနေမှာ အာတီတာက မာရီနိုကို တိုက်စစ်ရဲ့ အဓိကနေရာမှာ ဆက်ထားခဲ့ပေမယ့် စပိန်ကွင်းလယ်ကစားသမားဟာ ဖောရက်စ်ရဲ့ ခိုင်မာတဲ့ ခံစစ်ကို ကောင်းစွာထိုးဖောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ တကယ်တော့ ဂိုးသွင်းဖို့ အနီးကပ်ဆုံး ဖြစ်ခဲ့တာက ဘယ်နောက်ခံကစားသမား နှစ်ယောက်ပါ။ ပထမပိုင်းမှာ ကာလာဖီအိုရီရဲ့ကန်ချက်က ဂိုးတိုင်ထိခဲ့သလို ဒုတိယပိုင်းမှာ တီယာနေးက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးဘေးက ထွက်သွားခဲ့ပါတယ်။
တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်သာရှိခဲ့တဲ့ အာဆင်နယ်ဟာ ဂိုးမရှိ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ပွဲကြည့်ဖို့ လိုက်ပါလာတဲ့ ပရိသတ်တွေရှေ့မှာ မှတ်တွေ ထပ်ဆုံးရှုံးခဲ့ရပါတယ်။ ဆာကာနဲ့ မာတီနယ်လီတို့ အပြည့်အဝ ပြန်ကစားနိုင်ဖို့ အချိန်အနည်းငယ် လိုနေသေးပေမယ့် အာဆင်နယ်ဟာ ၂၀၂၃ မေလကတည်းက ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲ ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တာမို့ တိုက်စစ်ပိုင်းမှာ အဖြေအမြန်ရှာဖို့ လိုနေပါတယ်။
အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်မယ့် မျှော်လင့်ချက်ဟာ အခုအချိန်မှာ မဖြစ်နိုင်တော့သလောက် ဖြစ်နေတာကို လက်ခံရင်း မာတင်ကီယွန်းက သူ့ရဲ့အသင်းဟောင်းဟာ ဂိုးသွင်းအားကို ပြန်ရှာမတွေ့နိုင်ရင် မကြာခင်မှာ နောက်ကောက်ကျသွားမယ်လို့ ဝန်ခံခဲ့ပါတယ်။ "အသင်းရဲ့အင်္ကျီအတွက် ဆက်ကစားရမှာပါ၊ ဆက်လက် ကြိုးစားသွားရမှာပါ။ ဒါပေမယ့် အခု ရည်မှန်းချက်တွေကို ပြန်ညှိရတော့မှာပါ" "ချန်ပီယံ မဖြစ်နိုင်တော့လို့ အားလုံးကို လွှတ်ပစ်လို့ မရပါဘူး။ အခု အကယ်၍ ဂိုးတွေ မသွင်းနိုင်ရင် ထိပ်ဆုံးလေးသင်းထဲက ကျဆင်းသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်"
"ဒီည အမှတ် ၁ မှတ်နဲ့ ပြန်ခဲ့ရတာက ဖောရက်စ်က အာဆင်နယ်ကို မမီအောင်လုပ်ဖို့ အတော်လေး အရေးကြီးပါတယ်။ သူတို့ အနိုင်ရဖို့ ပြန်ရှာရပါမယ် နောက်ပွဲကို အနိုင်ရအောင် ကစားရပါမယ်" "အခု ပီအက်စ်ဗွီနဲ့ မကစားခင် အနားရဦးမှာပါ။ ဒါပေမယ့် နောက်လိဂ်ပွဲက ယူနိုက်တက်နဲ့ အဝေးကွင်းမှာ ကစားရမှာမို့ အဲဒီပွဲကို သေချာပေါက် အနိုင်ရဖို့ လိုပါတယ်" လို့ အာဆင်နယ်ရဲ့ ခံစစ်မှူးဟောင်းဖြစ်တဲ့ ကီယွန်က ပွဲပြီးချိန်မှာ TNT Sports ကို ပြောခဲ့ပါတယ်။
ပွဲအပြီး အာတီတာက သူနဲ့ နည်းပြအဖွဲ့ဝင်တွေက ပုံစံသစ်ကို ပြန်ဆွဲပြီး အာဆင်နယ်ရဲ့ တိုက်စစ်ကောင်းလာအောင် အဖြေရှာဖို့ ကြိုးစားမယ်လို့ ဝန်ခံခဲ့ပါတယ်။ "ကျွန်တော်တို့ အသင်းမှာရှိတဲ့ အရည်အသွေးတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေပါတယ်။ အသင်းကို ကွဲပြားတဲ့ အရာတွေ ဖန်တီးပေးဖို့၊ မတူညီတဲ့ အရည်အသွေးတွေကကနေ ပြိုင်ဘက်ကိုအန္တရာယ်ဖြစ်စေနိုင်အောင် လုပ်ခဲ့ပါတယ်။
“သူတို့က ဂိုးဧရိယာထဲ ရောက်တာနဲ့ မှော်ဆန်တဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်တဲ့ ကစားသမားမျိုး မဟုတ်ကြပါဘူး။ သူတို့က တခြားပုံစံမျိုးရှိတဲ့ ကစားသမားတွေပါ။ အဲဒါကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပြီး ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဖို့ ကြိုးစားရပါမယ်" “အခု ပီအက်စ်ဗွီနဲ့ ပွဲမတိုင်ခင် တစ်ရက် နှစ်ရက်လောက် စဉ်းစားချိန် ရှိပါသေးတယ်။ တခြားနည်းလမ်းတွေပေါ့ အထူးသဖြင့် ခံစစ်ကို အနိမ့်ဆင်းပြီး ကစားမယ့် အသင်းကို ဆန့်ကျင်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ်"