
ဒေါ်နယ်ထရမ့်ကြောင့် အတော်လေးထိတ်လန့်ခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ ချဲလ်ဆီးနောက်ခံလူကူကူရယ်လာ
ချဲလ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားအောင်ပွဲခံမှုအခမ်းအနားအတွင်း ဆုဖလားကိုင်မြှောက်အောင်ပွဲခံချိန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြောင့် အတော်လေးထိတ်လန့်ကြောက်ရွံ့ခဲ့ရတယ်လို့ ကူကူရယ်လာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အပြာရောင်တပ်ဖွဲ့က အမေရိကန်နိုင်ငံ၊ နယူးဂျာစီရှိ MetLife Stadium ရဲ့စိတ်လှုပ်ရှားဖွယ်ဗိုလ်လုပွဲတစ်ခုမှာ ဥရောပချန်ပီယံပီအက်စ်ဂျီကို အံ့အားသင့်ဖွယ် ၃-၀ ဂိုးဖြင့်အနိုင်ယူပြီး ကမ္ဘာ့အဆင့်သရဖူတစ်ခုကို အောင်အောင်မြင်မြင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ဖိတ်ကြားမှုအရ ဖိုင်နယ်ပွဲစဉ်ဆီတက်ရောက်လာတဲ့ ဒေါ်နယ်ထရမ့်ကလည်း ပွဲစဉ်အပြီးမှာ အောင်ပွဲရရှိခဲ့တဲ့ချဲလ်ဆီးကစားသမားတွေကို ဂုဏ်ပြုဆုတံဆိပ်နဲ့ ဂုဏ်ထူးဆောင်ဆုဖလား ချီးမြှင့်ပေးခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ရီစီဂျိမ်းစ်ဆီ ဒေါ်နယ်ထရမ့်ချီးမြှင့်လိုက်ချိန်မှာလည်း အမေရိကန်သမ္မတဆီမှာ အပြုံးပန်းတွေဝေဆာနေတာကို တွေ့မြင်ခဲ့ရပါတယ်။
ဒီအချိန်မှာပဲ ချဲလ်ဆီးကပ္ပတိန်က ဒေါ်နယ်ထရမ့်ထွက်ခွာသွားတော့မယ်လို့ မျှော်လင့်နေခဲ့ပေမယ့် အမေရိကန်ခေါင်းဆောင်ကြီးကတော့ မတုန်မလှုပ်ဆက်ရှိနေပြီး ချန်ပီယံတွေရဲ့အောင်ပွဲခံမှုမှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ကိုးလ်ပယ်လ်မာက အမေရိကန်သမ္မတရဲ့ နောက်တီးနောက်တောက်အပြုအမူကြောင့် စိတ်ရှုပ်မိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
နောက်ထပ်လည်း ကူကူရယ်လာက ဒေါ်နယ်ထရမ့်ရဲ့အပြုအမူနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို Jijantes FC နဲ့တွေ့ဆုံချိန် ဝေမျှသွားခဲ့ပါတယ်။ ချဲလ်ဆီးနောက်ခံလူက “ ကျွန်တော်တို့ဆီပြောပြထားတဲ့ စည်းမျဉ်းတစ်ခုအရ ဒေါ်နယ်ထရမ့်က ကျွန်တော်တို့ကို ဆုဖလားချီးမြှင့်ပေးဖို့ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူမထွက်သွားခင်အထိ ကျွန်တော်တို့တွေ ဆုဖလားကိုင်မြှောက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
အမှန်ပါပဲ၊ ကျွန်တော်တို့အားလုံး သူထွက်သွားပေးမယ့်အချိန်အထိ ဆက်စောင့်နေပေးခဲ့ပေမယ့် သူက ထွက်မသွားတဲ့အပြင် စင်မြင့်ထက်မှာ ဆက်ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့လည်း သူ့ကို ကြည့်နေလိုက်ပြီး သူက ‘ဆုဖလားမြှောက်တော့လေ၊ ငါ ဒီမှာရှိနေပေးမယ်’အစရှိသဖြင့် ပြောခဲ့ပါတယ်။ သူက အဲ့ဒီလိုမျိုးပြောလာတော့ ဘယ်သူကများ သူ့ကိုပြန်ပြောနိုင်မှာလဲဆိုပြီး ကျွန်တော် အံ့သြနေခဲ့ပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ… ကျွန်တော်တော့ အတော်လေးကြောက်ရွံ့ထိတ်လန့်ခဲ့ပါတယ်”လို့ ပြောပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်း ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဆုနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးလေးသင်းစာရင်းမှာပါ ရပ်တည်နိုင်ခဲ့တဲ့ ချဲလ်ဆီးက သြဂုတ် ၁၇ ရက်၊ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာဧည့်ခံကစားရမယ့် ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် ခြေစမ်းပွဲနှစ်ပွဲကစားဖို့ စီစဉ်ထားပါတယ်။