
အမ်ဘွေမိုကိုခေါ်ယူနိုင်ဖို့ ဘရန့်ဖို့ဒ်ထံ ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုပြုလုပ်လာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် ၂ ကြိမ်ဆက်တိုက် ပယ်ချခံခဲ့ရပြီးနောက် ယခုအခါမှာတော့ ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၇၀ နဲ့ ထပ်မံကမ်းလှမ်းလာခဲ့ပါတယ်။
The Athletic သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်း+အပိုဆုကြေး ၅ သန်းနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီတစ်ခေါက်ဟာ တတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်တယ်လို့သိရပါတယ်။ အမ်ဘွေမိုအနေနဲ့လည်း ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း ထုတ်ဖော်ပြောဆိုထားပေမယ့် ဘရန့်ဖို့ဒ်ဘက်ကတော့ သင့်တော်တဲ့ပြောင်းရွှေ့ကြေးမရရှိပါက ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားထားပါတယ်။
လောလောဆယ်မှာတော့ ဘရန့်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ရဲ့တတိယအကြိမ်မြောက်ကမ်းလှမ်းမှု ကို သဘောတူညီသွားမလားစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ သတင်းတွေက ဘရန့်ဖို့ဒ်ဟာ အမ်ဘွေမိုရဲ့တန်ကြေးကို ယူနိုက်တက်ကစားသမားသစ် မားသီးယက်စ်ကွန်ဟာရဲ့တန်ကြေးထက် ပိုမိုများပြားတဲ့ပမာဏကိုအလိုရှိနေကြောင်း ဖော်ပြထားပါတယ်။
အမ်ဘွေမိုအနေနဲ့လည်း အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ကြန့်ကြာနေခြင်းကို စိတ်ပျက်နေပြီဖြစ်တာကြောင့် ဒီတစ်ခေါက်ကမ်းလှမ်းမှုကိုတော့ ဘရန့်ဖို့ဒ်ဘက်က သဘောတူညီသွားဖို့ အလားအလာရှိနေပါတယ်။ အမ်ဘွေမိုဟာ ၂၀၁၉ ခုနှစ်က ဘရန့်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေးပေါင် ၅.၈ သန်းနဲ့သာရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာပဲ ၁၆ ဂိုးသွင်းကာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ခါကာစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
နောက်ပိုင်းရာသီတွေမှာလည်း အမ်ဘွေမိုဟာ ခြေစွမ်းပိုင်းပိုမိုတိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့ပါတယ်။ ကင်မရွန်းလက်ရွေးစင်ဟာ ယူနိုက်တက်သို့ပြောင်းရွှေဖို့ဆန္ဒရှိနေတာကြောင့် မကြာခင်မှာပဲ ဘရန့်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို သဘောတူညီသွားမယ်လို့ မျှော်လင့်ရပါတယ်။ လာမယ့်ဇူလိုင်လ ၂၂ ရက်နေ့မှာ ယူနိုက်တက်ဟာ ရာသီကြိုခရီးစဉ်ထွက်ခွာသွားရမှာဖြစ်လို့ အဆိုပါခရီးစဉ်မတိုင်မီမှာပဲ အမ်ဘွေမိုကို အမိအရေခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။