
ကစားသမားသစ်မခေါ်ယူထားနိုင်ပေမယ့် လီဗာပူးအသင်းလူစာရင်းပိုင်းနဲ့ပတ်သက်လို့ အားရကျေနပ်နေတဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေမယ့် လက်ရှိအသင်းလူစာရင်းပိုင်းနဲ့ပတ်သက်လို့ ပျော်ရွှင်ကျေနပ်မိပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဖီယင်နုမှ လီဗာပူးဆီ အန်းစလော့ရောက်ရှိလာပြီးနောက်ပိုင်း မာဆေးဆိုဒ်ကလပ်က တိုက်စစ်မှူးချီယေဆာနဲ့ ဂိုးသမားမာမာဒါရှီဗီလီတို့ကိုသာ ကစားသမားသစ်အဖြစ် ဝယ်ယူစုဆောင်းခဲ့ပါတယ်။ မာမာဒါရှီဗီလီဆိုရင်လည်း အခုဘောလုံးရာသီအတွက် ဗလန်စီယာဆီ ပြန်အငှားချထားလို့ လီဗာပူးအသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမယ့် လီဗာပူးအသင်းက အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတို့မှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အန်းစလော့ကိုယ်တိုင်ကလည်း သူ့ရဲ့အသင်းကစားသမားတွေမှာ ဆုဖလားတွေဆွတ်ခူးနိုင်တဲ့အရည်အသွေးအပြည့်ရှိတယ်လို့ ယုံကြည်နေပါတယ်။
ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ကျွန်တော့်လိုမျိုး လူစာရင်းစုဖွဲ့မှုကောင်းကောင်း ရရှိထားတဲ့နည်းပြ အများကြီးတော့မရှိနိုင်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ကစားသမားစုဖွဲ့မှုရှိပြီး အမှတ်ပေးဇယားကိုကြည့်လိုက်မယ်ဆိုရင် ကစားသမားတွေကိုယ်တိုင် သူတို့အပေါ် ကျွန်တော်တို့ထားရှိတဲ့ယုံကြည်မှုက မှန်ကန်တယ်ဆိုတာ ပြသခဲ့ပြီးပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ ကာလရှည်အနားယူရတဲ့ ဒဏ်ရာပြဿနာမျိုးတွေ မရှိပါဘူး။
အလီဆင်နဲ့ ဂျိုတာတို့တော့ ကာလရှည်အနားယူခဲ့ရတာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အာနိုးလ်မှလွဲပြီး ကျန်ကစားသမားတွေအကုန် အဆင်သင့်ဖြစ်နေလို့ အသင်းဆီ ကစားသမားသစ်ထပ်ပေါင်းထည့်စရာ အကြောင်းပြချက် လုံးဝမရှိတော့ပါဘူး။ ဂိုးသမားသစ်ခေါ်ယူခဲ့မှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ လက်ရှိလူစာရင်းပိုင်းအတွက် ကျွန်တော်တို့ အားရကျေနပ်မိပါတယ်”လို့ ပြောပါတယ်။
လီဗာပူးအသင်းက ကာရာဘောင်းဖလားဆီမီးဖိုင်နယ်(ဒုတိယအကျော့)အဖြစ် တော့တင်ဟမ်ကို ဧည့်ခံကစားမယ့် အခုညပိုင်းပွဲစဉ်အတွင်း ဆုဖလားအောင်မြင်မှုတစ်ခုအတွက် ရှေ့ဆက်နိုင်မယ့် အခွင့်အလမ်း ရရှိလာပါလိမ့်မယ်။ အန်းစလော့ရဲ့အသင်းက ဝင်ဘလေကွင်းဗိုလ်လုပွဲကြီးဆီ တက်လှမ်းချင်တယ်ဆိုရင် ပထမအကျော့ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် အန်းစလော့ကတော့ အန်ဖီးလ်ကွင်းမှာ သူတို့ရင်ဆိုင်ရမယ့် စမ်းသပ်မှုရဲ့အတိုင်းအတာပမာဏကို ကစားသမားတွေကိုယ်တိုင် သိရှိထားပြီးပြီလို့ ယုံကြည်နေပါတယ်။
အန်းစလော့က “အခုမှစပြီး ရာသီကုန်အချိန်အထိ ကစားသမားတွေကို ပွဲစဉ်တိုင်းအတွက် ပြင်ဆင်ပုံအမျိုးမျိုး လုပ်ပေးရလိမ့်မယ်လို့တော့ ကျွန်တော်မထင်ထားပါဘူး။ လီဗာပူးအသင်းရှိနေသမျှကာလပတ်လုံး ပွဲစဉ်တိုင်း အနိုင်ကစားသွားဖို့ လိုအပ်ပါတယ်။
၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေမယ်ဆိုရင်တောင် အနိုင်ရရှိဖို့ ကြိုးစားသွားရပါလိမ့်မယ်။ ပထမအကျော့၊ နောက်ဆုံးစက္ကန့်ပိုင်းမတိုင်ခင်အထိ ပြိုင်ဘက်ကစားသမားတစ်ဦးလျော့ကျသွားနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ပြိုင်ဘက်အတွက် ဂိုးတစ်ဂိုးလည်း ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါပေမယ့် ဒီညပွဲစဉ်အတွက်တော့ ဘာမှ အပြောင်းအလဲမရှိပါဘူး။ ဒီဂျာစီဝတ်ပြီး အန်ဖီးလ်မှာကစားမယ်ဆိုရင် အနိုင်ရရှိဖို့တစ်ခုတည်းကိုသာ မျှော်လင့်ထားရပါမယ်”လို့ ဆက်ပြောခဲ့ပါတယ်။