
အမ်ဘာပေ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် စိတ်မပူကြောင်း ပြောကြားလိုက်တဲ့ ရီးရဲလ်နည်းပြ အလွန်ဆို
စနေနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ မာယော့ကာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ကီလီယန် အမ်ဘာပေ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့တာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ရီးရဲလ်အသင်းနည်းပြ အလွန်ဆိုက ပြောကြားလိုက်ပါတယ်။ ဒီပွဲစဉ်မတိုင်ခင် ရာသီအစမှာ ပြင်သစ်စူပါစတား အမ်ဘာပေဟာ လာလီဂါမှာ ၃ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဆန်တီယာဂို ဘာနာဗျူးကွင်းမှာတော့ သူ့ရဲ့သွင်းဂိုးတစ်ဂိုးမှ အသိအမှတ်ပြုခြင်း မခံခဲ့ရပါဘူး။
အမ်ဘာပေဟာ ပွဲစဉ်အတွင်း ဂိုးပေါက်တည့်သွင်းချက် တစ်ကြိမ်မှ မရှိခဲ့တဲ့အပြင် လူကျွံဘော ၃ ကြိမ်အထိလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်နည်းပြ အလွန်ဆိုကတော့ သူ့ရဲ့ကစားသမားဟာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။
‘သူ ဂိုးမသွင်းနိုင်ခဲ့တာက ကျွန်တော့်ကို လုံးဝစိတ်မပူစေပါဘူး။ သူ အခွင့်အရေးတွေ အများကြီးရခဲ့သလို၊ အမ်ဘာပေရဲ့ သဘောထားကလည်း အလွန်ကောင်းမွန်ပါတယ်။ သူဟာ လူကျွံဘောဖြစ်တဲ့ နေရာကနေ နည်းနည်းလေးလေးပဲ အနေအထားလွဲနေခဲ့တာပါ။ နောက်ဆုံးပေးပို့မှု ဒါမှမဟုတ် ကန်သွင်းမှုတွေမှာ နည်းနည်းလေး အတိအကျဖြစ်ဖို့ လိုအပ်နေခဲ့တာပါ။ သူ ပြန်ပြီး ပုံမှန်အတိုင်းဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။’
‘လူကျွံဘောကိစ္စကို ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ သူက ပြိုင်ဘက်တွေအတွက် အမြဲတမ်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေက တိုးတက်လာနိုင်တဲ့ အရာတွေပါ။ ကျွန်တော် သိပ်စိတ်မပူပါဘူး၊ သူ ဂိုးတွေအများကြီး သွင်းယူနိုင်ပါလိမ့်မယ်’လို့ အလွန်ဆိုက ပြောပါတယ်။
ပွဲစဉ်အစပိုင်း ၁၈ မိနစ်မှာ ဗီဒက် မူရီကီရဲ့သွင်းဂိုးနဲ့ ရီးရဲလ်အသင်း ရှုံးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အာဒါ တူရန်နဲ့ ဗီနီရှပ်စ် ဂျူနီယာတို့ရဲ့ ၁ မိနစ်အတွင်း သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ရီးရဲလ်တို့ ၃ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားမှာ အပေါ်ဆုံးကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
ဗီနီရှပ်စ်ဟာ မာယော့ကာနဲ့ လာလီဂါ ၁၀ ပွဲမှာ ၆ ဂိုး (သွင်းဂိုး ၄ ဂိုး၊ ဂိုးဖန်တီးမှု ၂ ကြိမ်) အထိ ပါဝင်ပတ်သက်ထားနိုင်ခဲ့ပြီး သူ့ရဲ့ အိမ်ကွင်း ၄ ပွဲမှာတော့ သွင်းဂိုး ၃ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။
အလွန်ဆိုက ဘရာဇီးကြယ်ပွင့်ကစားသမားနဲ့ပတ်သက်လို့ ထပ်မံပြီး ‘သူက ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အိုဆာဆူနာနဲ့ပွဲထက် ပိုကောင်းတဲ့ ကစားပုံဖြစ်ခဲ့သလို၊ သူ့ရဲ့သွင်းဂိုးကလည်း အရေးကြီးပါတယ်’
‘ရိုဒရီဂိုလည်း သူ့ရဲ့တာဝန်ကို ကျေပွန်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပွဲကို ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားတိုင်း ဝင်ရောက်ကူညီခဲ့ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ကစားသမားတိုင်းရဲ့ ပံ့ပိုးမှု လိုအပ်ပါတယ်။ ရိုဒရီဂိုဟာ မိနစ်ကောင်းတွေ ရရှိခဲ့ပါတယ်’ လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။