
မြောက်လန်ဒန်ဒါဘီရာသီကြိုခြေစမ်းပွဲအနိုင်ရရှိမှုအပေါ် ဝမ်းသာပီတိဖြစ်နေတဲ့ သောမတ်စ်ဖရန့်ခ်
ပါပေးဆားရဲ့အံ့အားသင့်ဖွယ်သွင်းဂိုးဖြင့် အာဆင်နယ်အပေါ် အနိုင်ယူခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီး တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က အလွန်ကျေနပ်စရာကောင်းတဲ့ရလဒ်ပိုင်းလို့ ပြောကြားခဲ့ပါတယ်။ ယမန်နေ့(ကြာသပတေးနေ့)၊ ဟောင်ကောင်မှာကစားတဲ့ပွဲစဉ်အတွင်း ပါပေးဆားရဲ့အဝေးကန်ချက်က ဗြိတိန်ကျွန်းပြင်ပ ပထမဆုံးမြောက်လန်ဒန်ဒါဘီမှာ တော့တင်ဟမ်အတွက် အနိုင်ရလဒ်ဖော်ဆောင်ပေးခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နည်းပြဟောင်းကတော့ အခုပွဲစဉ်ရလဒ်ပိုင်းဟာ တော့တင်ဟမ်အတွက် အလွန်အပြုသဘောဆောင်ပြီး ရာသီသစ်မတင်ခင် အကူအညီဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
သူက “ အသင်းတည်ဆောက်မှုပိုင်းနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တစ်ခုဖြစ်ပြီး အသင်းခံစစ်ပိုင်းဆီ ကူညီပေးလိုစိတ်လည်း ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အနိုင်ရရှိခဲ့လို့ အလွန်ကျေနပ်အားရမိပါတယ်။ ပြီးတော့ ဒါမျိုးပွဲစဉ်ကို ခြေစမ်းပွဲလို့ မခေါ်ဆိုထိုက်ပါဘူး။ ပရိသတ်တွေကိုယ်တိုင်လည်း အသင်းနှစ်ခုလုံးရဲ့စိတ်အားထက်သန်မှုအပြည့်ကစားဟန်နဲ့ ကျွန်တော်တို့ရဲ့ Clean Sheet ရယူလိုတဲ့ စိတ်ဆန္ဒတွေကို မြင်တွေ့နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ ရက်အနည်းငယ်လိုအပ်နေသေးပေမယ့် သောမတ်စ်ဖရန့်ခ်ကတော့ အာဆင်နယ်အပေါ်အနိုင်ယူခဲ့တဲ့ပုံစံနဲ့ပတ်သက်လို့ သဘောကျနေပါလိမ့်မယ်။ ဒိန်းမတ်သားအတွက် အောင်မြင်မှုရှာဖွေရန် ဖိအားများစွာရှိနေပေမယ့် တော့တင်ဟမ်ရဲ့ခါးသီးပြိုင်ဘက်ကို အခုလိုအနိုင်ရရှိမှုကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ တော့တင်ဟမ်က လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်နယူးကာဆယ်နဲ့ယှဉ်ပြိုင်ကစားရင်း အာရှဒေသခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းနေပါလိမ့်မယ်။ သူတို့တွေက ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် သြဂုတ် ၁၃ ရက်၊ ဥရောပစူပါဖလားဗိုလ်လုပွဲမတိုင်ခင် လာမယ့်သီတင်းပတ်၊ ကြာသပတေးနေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။