
ဟွိုက်လန်းအား နာပိုလီသို့ အငှားချရန် သဘောတူလိုက်တဲ့ ယူနိုက်တက်
နာပိုလီနဲ့ ယူနိုက်တက်အသင်းတို့ဟာ လာမယ့်နွေရာသီမှာ မဖြစ်မနေ အပြီးသတ်ဝယ်ယူရမယ့် စာချုပ်နဲ့အတူ ရာ့စ်မတ်စ် ဟွိုက်လန်းကို စီးရီးအေချန်ပီယံအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒီနွေရာသီအစောပိုင်းမှာ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိလိုကြောင်း ပြောကြားခဲ့တဲ့ ဒိန်းမတ်ကစားသမားဟာ နာပိုလီကို ပြောင်းရွှေ့ဖို့ သဘောတူမတူကတော့ သူ့အပေါ်မှာပဲ မူတည်နေပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ ဒီတိုက်စစ်မှူးအတွက် ယူရို ၆ သန်း အငှားစာချုပ်နဲ့အတူ အပြီးသတ်ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၄) သန်းကို လက်ခံလိုက်ပါတယ်။ ဒါဟာ အတ္တလန္တာကနေ ပေါင် ၆၄ သန်း (နောက်ဆက်တွဲအပိုဆုတွေနဲ့ ပေါင် ၇၂ သန်း) နဲ့ ခေါ်ယူပြီး ၂ နှစ်အကြာမှာ ဟွိုက်လန်းရဲ့ ယူနိုက်တက်ကစားသမားဘဝကို အဆုံးသတ်စေနိုင်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်အတွက် ၉၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကတော့ ၂၁ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။
နည်းပြ ရူဘင် အမ်မိုရင်ဟာ ဒီနွေရာသီမှာ ဘရိုင်ယန် အမ်ဘိုမို၊ မာသီးယက်စ် ကူညာနဲ့ ဘန်ဂျမင် ဆက်စ်ကိုတို့လို တိုက်စစ်ကစားသမား ၃ ဦးကို ပေါင်သန်း ၂၀၀ ကျော်အကုန်အကျခံပြီး ခေါ်ယူထားပါတယ်။
ဖီအိုရင်တီးနားနဲ့ ခြေစမ်းပွဲစဉ်မှာ ကွင်းလယ်လူ မေဆင် မောင့်ကို ဖော်စ်နိုင်း အဖြစ် အသုံးပြုခဲ့တာကြောင့် ဟွိုက်လန်းဟာ အရန်ကစားသမားအဖြစ်သာ ရှိခဲ့ပါတယ်။ အဲ့ဒီနောက် ရာသီအစ ပွဲစဉ် ၃ ပွဲလုံးအတွက် ယူနိုက်တက်အသင်း လူစာရင်းကနေ ချန်လှပ်ထားခြင်း ခံခဲ့ရပါတယ်။
ဒိန်းမတ်လက်ရွေးစင် ကစားသမားဟာ ဒီနွေရာသီအစောပိုင်းမှာ အေစီမီလန်အသင်းရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်ကစားသမား လူကာကူ ဒဏ်ရာရရှိခဲ့ပြီးနောက် နာပိုလီအသင်းက သူ့ဘက်ကို လှည့်လာခဲ့တာ ဖြစ်ပါတယ်။
ဟွိုက်လန်းဟာ အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးရက်တွေမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာမယ့် ကစားသမားများစွာထဲက တစ်ဦးဖြစ်နိုင်ပါတယ်။
ဂါနာချိုက ချဲလ်ဆီးသို့ ပြောင်းရွှေ့ချင်နေသလို ယူနိုက်တက်အသင်းက ချဲလ်ဆီးအသင်းရဲ့ ပေါင်သန်း ၄၀ တန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ အန်တိုနီအတွက်လည်း ရီးရဲလ် ဘက်တစ်အသင်းရဲ့ ပေါင် ၂၅ သန်းတန် ကမ်းလှမ်းမှုကို သဘောတူညီခဲ့ပြီး ဘရာဇီးတောင်ပံကစားသမားရဲ့ အပြောင်းအရွှေ့ မပြီးမြောက်မီ လုပ်ဆောင်စရာတွေတော့ ရှိနေပါသေးတယ်။