ကိုင်လ်ဝေါ်လ်ကာရဲ့အပြောင်းအရွှေ့အတွက် အေစီမီလန်နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ မန်စီးတီး
ကိုင်လ်ဝေါ်လ်ကာကို အငှားဖြင့်ခေါ်ယူသွားမယ့် အပြောင်းအရွှေ့ကို မန်စီးတီးနဲ့ အေစီမီလန်တို့အကြား သဘောတူညီမှုရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ တော့တင်ဟမ်မှ ပေါင်သန်း ၅၀ တန်သဘောတူညီမှုဖြင့် ပြောင်းရွှေ့လာတဲ့ အသက်-၃၄ နှစ်အရွယ်ကစားသမားက မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်အပါအဝင် ဆုဖလားအောင်မြင်မှု ၁၇ ကြိမ်တိတိ ရရှိခဲ့ပါတယ်။
ဝေါ်လ်ကာက အခုဘောလုံးရာသီအစမှာပဲ မန်စီးတီးအသင်းကပ္ပတိန်အဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် ရာသီမသိမ်းခင်မှာပဲ ပက်ဂွါဒီယိုလာရဲ့အသင်းမှထွက်ခွာသွားဖို့ ရွေးချယ်ခဲ့ပါပြီ။ Sky Sports Italy ရဲ့ဖော်ပြမှုအရ ဝေါ်လ်ကာက အေစီမီလန်ဆီ အငှားဖြင့်ရောက်ရှိလာပြီးနောက် စီးရီးအေကလပ်အသင်းအနေဖြင့် အင်္ဂလန်လက်ရွေးစင်ကစားသမားကို အပြီးသတ်ဝယ်ယူဖို့ ယူရို ၅ သန်းသာ သုံးစွဲနိုင်မယ့် အခွင့်အရေးလည်း ရရှိထားတယ်လို့ သိရပါတယ်။
အပြီးသတ်သာပြောင်းရွှေ့မယ်ဆိုရင် ဝေါ်လ်ကာက ၂၀၂၇ ခုနှစ်အထိ မီလန်မြေမှာ ရှိနေဖို့အတွက် သဘောတူညီထားတယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ခံလူက သူ့ရဲ့အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ဖို့ လာမယ့်ကြာသပတေးနေ့မှာပဲ အီတလီနိုင်ငံဆီ ထွက်ခွာရန် စီစဉ်ထားပါတယ်။ အခုလအစောပိုင်းမှာလည်း ဝေါ်လ်ကာအနေဖြင့် မန်စီးတီးအသင်းမှ ထွက်ခွာသွားနိုင်လားဆိုပြီး ပက်ဂွါဒီယိုလာဆီ မေးမြန်းမှုတွေ ရှိခဲ့ဖူးပါတယ်။
ပက်ဂွါဒီယိုလာက “ ပြီးခဲ့တဲ့နှစ်ရက်တုန်းကပဲ ဝေါ်လ်ကာက သူ့ရဲ့ကစားသမားဘဝကို နိုင်ငံရပ်ခြားမှာ ကုန်ဆုံးသွားနိုင်မယ့်အခွင့်အလမ်းအတွက် စုံစမ်းမေးမြန်းခဲ့ပါတယ်။ ဝေါ်လ်ကာရဲ့စိတ်ထဲမှာလည်း အကြောင်းတရားများစွာနဲ့အတူ ကစားသမားဘဝနောက်ဆုံးအချိန်မှာ နိုင်ငံရပ်ခြားထွက်ပြီး ကစားချင်နေပါလိမ့်မယ်။ ဒီလိုအကြောင်းတရားတွေရှိနေလို့ ကျွန်တော်ကတော့ ဒီအသင်းမှာရှိနေချင်သူတွေနဲ့ပဲ ဆက်ကစားသွားတာမျိုးကို ပိုကြိုက်မိပါတယ်”လို့ ပြောခဲ့ပါတယ်။
လက်ရှိမှာ အေစီမီလန်က စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူ နာပိုလီနဲ့ ၁၉ မှတ်အကွာ၊ အဆင့်-၈ နေရာမှာ ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သူတို့တွေက အုပ်စုအပိတ်ပွဲစဉ်မတိုင်ခင် ရှုံးထွက်အဆင့်တိုက်ရိုက်တက်လှမ်းနိုင်မယ့် အမှတ်ပေးဇယားထိပ်ဆုံးရှစ်သင်းစာရင်းမှာ ပါဝင်နေပါတယ်။