
အင်္ဂလန်ဂန္ထဝင်ဟောင်းကို အားကျအတုယူခဲ့ရကြောင်း ဟယ်ရီကိန်း ထုတ်ဖော်ပြောကြား
အင်္ဂလန်အသင်းတိုက်စစ်မှူး ကိန်းက မိမိအနေနဲ့ အင်္ဂလန်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီကို အားကျအတုယူခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရွန်းနီဟာ ကမ္ဘာ့ဖလားပိုင်ရှင် ဆာဘော်ဘီချာလ်တန်ကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အတွက် ၁၂၀ ပွဲမှာ ၅၃ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ရွန်းနီဟာ ရာစုတစ်ခုကြာပြီးနောက် ပထမဆုံးဂိုးအများဆုံးသွင်းယူနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။
ကိန်းကတော့ ၁၀၃ ပွဲမှာ ၆၉ ဂိုးအထိသွင်းယူကာ ကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိအင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေကာ အသက် ၃၁ နှဏ်အရွယ်ရှိနေပေမယ့်လည်း ဘိုင်ယန်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေဆဲဖြစ်ပါတယ်။အင်တာဗျူးတစ်ခုမှာ ကိန်းက “ကျွန်တော် ကစားနေပေမယ့်လည်း စံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ ခက်ခဲခဲ့ပါတယ်။ အင်္ဂလန်ရဲ့စံချိန်ကို ရွန်းနီချိုးတာကို ကျွန်တော် ကြည့်ခဲ့ရတာကို မှတ်မိပါတယ်။
ပြီးတော့ သူ့အတွက် အဲ့လိုစံချိန်က ဘယ်လိုခံစားရလဲဆိုတာကို တွေးမိပါတယ်။ ကျွန်တော့်အတွက်လည်း အတူတူပါပဲ။ အဲ့တာက ကြီးမားတဲ့ဂုဏ်ယူရမှုပါ။ ဒါပေမယ့် ကျွန်တော် နောက်ပွဲတွေ ၊ နောက်စံချိန်တွေအတွက် လျင်လျင်မြန်မြန်အာရုံစိုက်ခဲ့ပါတယ်။ အဲ့စံချိန်ရချိန်မှာ ကျွန်တော် အရမ်းကိုမှဂုဏ်ယူမိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ အမြဲတွန်းအားဖြစ်ခဲ့ပါတယ်။ စံချိန်တစ်ခုကို ချိုးဖျက်လိုက်ချိန်မှာ ကျွန်တော် ဘယ်လောက်ပွဲအရေအတွက် ဘယ်လောက်ဂိုးတွေ ဆက်သွင်းနိုင်မလဲဆိုတာကို တွေးဖြစ်ပါတယ်။
ကျွန်တော့်ကို တိုးတက်စေတဲ့အခိုက်အတန့်တွေရှိပါတယ်။ တော့တင်ဟမ်မှာ ပွဲဦးထွက်ပါဝင်တုန်းက ကျွန်တော် အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။ ဝှိုက်ဟက်လိန်းမှာ ပင်နယ်တီလွဲချော်ခဲ့တာပါ။ အဲ့တာက ကျွန်တော့်ယုံကြည်မှုကို ပျောက်စေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ကနေ ကြံ့ခိုင်မှုလိုစိတ်ကို တည်ဆောက်ခဲ့ရပါတယ်။ အင်္ဂလန်မှာဆိုရင်လည်း ဝိန်းရွန်းနီဝင်လာပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာ ဂိုးသွင်းခဲ့တာကို မြင်ခဲ့ရပါတယ်။ အဲ့တာကပဲ ကျွန်တော် အလုပ်ကြိုးစားပြီး အခုလိုတိုက်စစ်မှူးတစ်ဦးဖြစ်လာစေတာပါ”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။
ကိန်းဟာ ရွှေဖိနပ်ဆု ၊ ပီအက်ဖ်အေဆုတွေရရှိခဲ့ပေမယ့် ပထမဆုံးဆုဖလားအောင်မြင်မှုရယူနိုင်ဖို့တော့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ လက်ရှိဘိုင်ယန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ နဲ့ ချန်ပီယံလိဂ်ဆုဖလားအောင်မြင်မှုတွေရယူနိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။