မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ဖို့ ပိုမိုခက်ခဲလာပြီလို့ ယမန်နေ့(အင်္ဂါနေ့)မှာ ပြောဆိုလိုက်ပြီး သူ့ရဲ့အသင်းနဲ့အတူ သမိုင်းဝင်ဆုဖလားသုံးလုံး အောင်မြင်မှုကို ဒုတိယအကြိမ်ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ပြိုင်ပွဲစုံ ၁၉ ပွဲဆက် ရှုံးပွဲမရှိတဲ့ ချန်ပီယံလိဂ်လက်ရှိ ချန်ပီယံတွေက ဒီည၊ အယ်တီဟတ်ကွင်းမှာ ၁၆ သင်းရှုံးထွက်အဆင့်(ဒု-ကျော့)ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်ကို ဧည့်ခံကစားရပါမယ်။ ဒိန်းမတ်မြေမှာ ကစားတဲ့ ပထမအကျော့ပွဲစဉ်မှာတော့ မန်စီးတီးက ကိုပင်ဟေဂင်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
သူတို့တွေက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးရဲ့နောက် တစ်မှတ်အကွာမှာ ရပ်တည်နေသလို အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ ယမန်နေ့သတင်းစာရှင်းလင်းပွဲအတွင်း ပြီးခဲ့တဲ့ဘောလုံးရာသီအောင်မြင်မှုတွေအကြောင်း ထပ်ခါတလဲလဲပြောဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
သူက “ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိပြီး ဒီနေရာမှာ ရှိနေရတာ ပိုကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့ဖူးသလိုပဲ ဆုဖလားသုံးလုံး အောင်မြင်မှုရရှိခဲ့တဲ့ ဘောလုံးရာသီက အတိတ်မှာ ကျန်ခဲ့ပါပြီ။ တစ်ခုတည်းသော ရည်မှန်းချက်က ကွာတားဖိုင်နယ်တက်ရောက်နိုင်ရေး ကြိုးစားသွားဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာတွေ ပြောနေဖို့ဆိုတာ အဝေးကြီးလိုနေပါသေးတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ မန်ချက်စတာယူနိုက်တက်ကို အက်ဖ်အေဖလားမှာ အနိုင်မယူခင်အချိန်အထိ ဖလားသုံးလုံးရပြီလို့ ကျွန်တော် မပြောခဲ့ပါဘူး။ အခုလည်း ကျွန်တော်တို့ မတ်လအစောပိုင်းကာလမှာပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။
ဘာစီလိုနာအသင်းနဲ့အတူ ၂၀၀၉၊ ၂၀၁၁ ချန်ပီယံလိဂ်သရဖူဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ ပက်ဂွါဒီယိုလာက ဥရောပအဆင့်အမြင့်ဆုံးပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ ပိုမိုခက်ခဲလာပြီလို့ ဆိုလာပါတယ်။
“ပြိုင်ပွဲက ပိုကောင်းလာသလို ပိုလည်း ခက်ခဲလာပါတယ်။ ကျွန်တော် ဘာစီလိုနာဆီ ရောက်ရှိလာတဲ့ ကနဦးနှစ်တွေမှာတောင် ‘အိုကေ၊ အနည်းဆုံးတော့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်လိမ့်မယ်’ဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆီမီးဖိုင်နယ်ရောက်ရှိဖို့တောင် အတော်လေးခက်ခဲလာပါပြီ။ အသင်းတွေက ပိုကောင်းလာသလို နည်းပြတွေကလည်း ပိုပြီးထက်မြက်လာကြပါတယ်။ ကျွန်တော်ကစားသမားဘဝ ကာလတွေထက်တောင် အရာရာတိုင်းက ပိုမိုခက်ခဲလာပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ အကောင်းဆုံး အသင်းတွေကပဲ အမြဲတမ်းကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်”လို့ စပိန်သားနည်းပြက ဆက်ပြောပါတယ်။
ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား သိမ်းပိုက်နိုင်ခြင်းထက် မန်စီးတီးနည်းပြအဖြစ် ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်အောင်မြင်မှုရယူနိုင်ခြင်းက ပိုမိုကြီးမားတဲ့ဂုဏ်ပြုမှုတစ်ခုဖြစ်တယ်ဆိုတဲ့ ကောက်ချက်ကိုတော့ ပက်ဂွါဒီယိုလာက ပယ်ချလိုက်ပါတယ်။
သူက “မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာ အဲ့ဒါမျိုးမဟုတ်ပါဘူး။ မဟုတ်ရင် ဘာစီလိုနာနဲ့အတူ ကျွန်တော်တို့ရရှိထားတဲ့ အောင်မြင်မှုတွေက နိမ့်ပါးသွားပါလိမ့်မယ်။ ဒါမျိုး ကျွန်တော်မကြိုက်ပါဘူး။ ဘာစီလိုနာနဲ့အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေက တကယ့်ကို ကောင်းပါတယ်။ ဒီဆုက အရင်ရခဲ့တဲ့ဆုထက် ပိုကောင်းတယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒါမျိုး မဟုတ်ပါဘူး။ အခိုက်အတန့်တိုင်းက အရေးကြီးပါတယ်။ ဘာစီလိုနာမှာပဲဖြစ်ဖြစ်၊ ဘိုင်ယန်မြူးနစ်မှာပဲဖြစ်ဖြစ်၊ ဒီကလပ်အသင်းမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင်ရရှိခဲ့တဲ့ဆုဖလားတိုင်းက မတူညီကြဘူးလို့ ကျွန်တော်ထင်မိပါတယ်။ ဘယ်အသင်းကမှ ဖလားရပါမယ်လို့ အာမခံထားတာမျိုး မရှိပါဘူး။ လွယ်ကူတယ်လို့လည်း ပြောလို့မရပါဘူး။ လုပ်ခဲ့ရတဲ့အဆင့်တိုင်းက ရှုပ်ထွေးလွန်းပါတယ်။ အခိုက်အတန့်ကောင်းတွေမှာ စိတ်နေစိတ်ထား၊ ကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်မှုအပိုင်း၊ ပွဲကြိုအစီအမံနဲ့ အရာပေါင်းများစွာ ကောင်းမွန်နေရပါမယ်။ ကံကောင်းဖို့လည်း လိုအပ်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။