
စတုဂတ်ရဲ့ ဂျပန်လက်ရွေးစင်နောက်ခံလူ အီတိုကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်အသင်းက စတုဂတ်ရဲ့ အသက်-၂၅ နှစ်အရွယ် ဂျပန်လက်ရွေးစင် နောက်ခံကစားသမား ဟီရိုကီအီတိုကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီလို့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
အီတိုက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စတုဂတ်အတွက် ၂၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အသင်းကို ဘွန်ဒက်စ်လီဂါဒုတိယနေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဗဟိုခံစစ်ပိုင်းမှာပါ ကစားနိုင်စွမ်းရှိတဲ့ ဘယ်အစွန်နောက်ခံလူက အခုနှစ်အစောပိုင်း၊ အာရှဖလားပြိုင်ပွဲမှာ ဂျပန်အသင်းနဲ့အတူ ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ခရစ္စတိုဖရွန်က “စတုဂတ်အသင်းအတွက် ယုံကြည်စိတ်ချရတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့သူက ဟီရိုကီအီတိုပါ။ သူက ထိပ်တန်းကလပ်အသင်းများစွာရဲ့ အာရုံစိုက်မှုကို ရရှိစေမယ့် ထိပ်တန်းအဆင့်စွမ်းဆောင်ရည်တစ်ရပ်ကို တည်တည်ငြိမ်ငြိမ် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ အီတိုက အရပ်ရှည်လျားသလို စိတ်ဓါတ်ပြင်းထန်မှုအပြည့်နဲ့ ကစားတတ်ပါတယ်။ သူ့ရဲ့ဘယ်ခြေက သန်မာပြီး ဘောလုံးပေးပို့မှုနှုန်း ကောင်းမွန်ပါတယ်။ ဘယ်ခြမ်းမှာဆို ဘယ်အစွန်မှာရော၊ ဘယ်ခြမ်းဗဟိုခံစစ်မှာပါ ကစားနိုင်လို့ ခံစစ်ပိုင်းစွယ်စုံရကစားသမားတစ်ဦး ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အီတိုက ဘိုင်ယန်မြူးနစ်မှာ ဘယ်ခြမ်းခံစစ်အစွန်လူနေရာအတွက် အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတဲ့ ကနေဒါလက်ရွေးစင်ကစားသမားကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ချိတ်ဆက်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။