The network connection is lost.

Banner Image

မားသီးယက်စ်ကွန်ညာကို ကျောနံပါတ် ၁၀ ပေးအပ်ကြောင်း ယူနိုက်တက်အတည်ပြု

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ် ဝတ်ဆင်နေတဲ့ ကျောနံပါတ် ၁၀ အင်္ကျီကို ယခုနွေရာသီအတွင်း ဝုဗ်မှ အသစ်ခေါ်ယူထားခဲ့တဲ့ ကစားသမားသစ် မားသီယက်စ်ကွန်ညာကို ပေးအပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုလာခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ကျောနံပါတ် ၁၀ အင်္ကျီကို ၂၀၁၈ ခုနှစ်ကတည်းက ဝတ်ဆင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖို့ အလားအလာများနေတာကြောင့် အဆိုပါအင်္ကျီကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ယူနိုက်တက်အတွက် ပါဝင်ကစားခွင့်မရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ရပါတယ်။ 

လက်ရှိနည်းပြ ရူဘင်အာမိုရင်အနေနဲ့လည်း သူ့ရဲ့အစီအစဉ်တွေမှာ ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းအသုံးပြုဖို့မရှိတာကြောင့် အသက် -၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး အသင်းသစ်နဲ့စတင်ချိတ်ဆက်ဖို့ ဆောင်ရွက်သွားရတော့မှာဖြစ်ပါတယ်။ 

သတင်းတွေအရ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရက်ရှ်ဖို့ဒ်အပါအဝင် အန်တိုနီ၊ အလီဂျန်ဒရိုဂါနာချို၊ တိုင်ရဲလ်မာလာစီယာနဲ့ ဂျေဒန်ဆန်ချိုတို့ကလည်း ယူနိုက်တက်နဲ့ လမ်းခွဲသွားဖို့ရှိတယ်လို့ သိရပါတယ်။ လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ ယူနိုက်တက်ဟာ ခြေစမ်းပွဲစဉ်တွေကစားဖို့ အမေရိကန်သို့ ခရီးထွက်ခွာသွားမှာဖြစ်ပြီး နည်းပြ အာမိုရင်အနေနဲ့ အသင်းရဲ့လူစာရင်းကို မကြာခင်မှာပဲ သတ်မှတ်သွားရတော့မှာဖြစ်ပါတယ်။ 

အက်စတွန်ဗီလာအနေနဲ့ ရက်ရှ်ဖို့ဒ်ကိုအပြီးသတ်ခေါ်ယူဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ကစားသမားရဲ့ပြောင်းရွှေကြေး ပေါင်သန်း ၄၀ ကိုတော့ ပေးချေနိုင်ဖို့ အခက်အခဲဖြစ်ခဲ့တာကြောင့် ယူနိုက်တက်သို့ ပြန်လည်စေလွှတ်ခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယမ်စ်ကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ကစားသမားအနေနဲ့ လာလီဂါချန်ပီယံတွေနဲ့ လက်တွဲသွားနိုင်ဖို့ အလားအလာရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ အသင်းနဲ့စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးတဲ့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ်မရောင်းနိုင်ပါက အငှားချသွားဖို့ စီစဉ်ထားတယ်လို့ သတင်းတွေကဆိုပါတယ်။