
ဝုဗ်တိုက်စစ်မှူး ကွန်ဟာကိုခေါ်ယူနိုင်ဖို့ အလွန်နီးစပ်လာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်တိုက်စစ်မှူး မားသီးယက်စ်ကွန်ဟာကို ခေါ်ယူဖို့ အလွန်နီးစပ်နေတယ်လို့ သိရပြီး မကြာမီမှာပဲ သဘောတူညီချက်ရရှိတော့မယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂.၅ သန်းကို ပေးချေသွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေအရ အသင်းမှ ကစားသမားအချို့ကို မဖြစ်မနေရောင်းထုတ်သွားဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်နဲ့အပြိုင် နယူးကာဆယ်ကလည်း ကွန်ဟာကို စိတ်ဝင်စားနေပြီး သဘောတူညီမှုရဖို့အတွက် ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ နယူးကာဆယ်က အသင်းရဲ့တိုက်စစ်ဘယ်ဘက်အခြမ်းကို တိုးတက်စေဖို့ ကွန်ဟာကို အသုံးချလိုနေပေမယ့် အသက်-၂၅ နှစ်အရွယ်ကစားသမားကတော့ ယူနိုက်တက်အတွက်သာ ကစားပေးဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။
ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ကလည်း ကွန်ဟာကို အလိုရှိနေကြောင်းကို ဖုံးကွယ်ထားခြင်းမရှိဘဲ ကစားသမားရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး လူသိရှင်ကြား ချီးကျူးထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့က ဝုဗ်ကို ၀-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အာမိုရင်နဲ့ ကွန်ဟာတို့ဟာ ဥမင်လှိုဏ်ခေါင်းအတွင်း စကားစမြည်ပြောခဲ့ကြတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ ချဲလ်ဆီးကစိတ်ဝင်စားနေတဲ့ ပေါင်သန်း ၃၀ တန် အစ်ဆွစ်ချ်ကစားသမား လီယမ်ဒီလက်ပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာနိုင်ဖို့ လိုအပ်ပေမယ့် ဥရောပဝင်ခွင့်ရဖို့ အခွင့်အရေးရှိနေတာကြောင့် ကစားသမားသစ်တွေကို ပစ်မှတ်ထားစောင့်ကြည့်နေတာဖြစ်ပါတယ်။
အာမိုရင်ရဲ့အသင်းဟာ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်၊ လိုက်ပ်ဇစ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဇာဗီဆိုင်မွန်စ်၊ ဘင်ဂျမင်ဆက်ဆခို၊ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား အီဘရီချီ အီဇီနဲ့ ဘုန်းမောက်ကစားသမား အန်တိုနီဆီမီညိုတို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ရာသီကုန်မှာတော့ ယူနိုက်တက်အနေနဲ့ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဂျေဒန်ဆန်ချို၊ အန်တိုနီ၊ ကတ်စ်မဲရိုးနဲ့ အလီဂျန်ဒရိုဂါနာချိုတို့ကို အပြီးသတ်ရောင်းချသွားဖွယ်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ လီဂူးဝမ်းကလပ် လီဟာဗေးတိုက်စစ်မှူးလေး အန်ဇိုကာနာဘီရစ်ခ်ကိုလည်း ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။