The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့ ဘဏ္ဍာရေးအထောက်အပံ့ကြီးကြီးမားမားရရှိခဲ့တဲ့ မန်စီးတီး

မန်စီးတီးက အနည်းဆုံးပေါင်တစ်ဘီလျံတန်ကြေးရှိ သဘောတူညီမှုတစ်ခုနဲ့အတူ Puma နဲ့ သူတို့အကြား စာချုပ်ကို အနည်းဆုံးနောက်ထပ်ဆယ်စုနှစ်တစ်ခုကြာအထိ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။

မန်စီးတီးက ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဆွဲဆောင်မှုအရှိဆုံးစာချုပ်တစ်ရပ်နဲ့အတူ Puma နဲ့ အားကစားဝတ်စုံဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို သက်တမ်းတိုးမြှင့်လိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ မန်စီးတီးက တစ်နှစ်ပေါင် ၆၅ သန်းတန်ယခင်သဘောတူညီမှုနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဘောလုံးရာသီတစ်ခု ပြီးဆုံးချိန်တိုင်း ပေါင်သန်း ၁၀၀ တန်ကြေးအထိရှိမယ့်အမြတ်အစွန်းကို ၂၀၃၅ ခုနှစ်အထိ ခံစားသွားနိုင်ပါလိမ့်မယ်။ ဒါက Adidas နဲ့ ပေါင်သန်း ၉၀၀ ဝန်းကျင်တန်ကြေးရှိ ဆယ်စုနှစ်တစ်ခုကြာသဘောတူညီမှုကို ပြုလုပ်နိုင်ခဲ့တဲ့ ဒေသခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ရဲ့ အားကစားဝတ်စုံပိုင်းဆိုင်ရာယခင်စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

Puma က မန်စီးတီးနဲ့ ၂၀၁၉ ခုနှစ်ကတည်းက လက်တွဲခဲ့ပြီး ဒီနောက်ပိုင်းမှာ ပက်ဂွါဒီယိုလာရဲ့အသင်းက တစ်ရာသီအတွင်း ဆုဖလားသုံးလုံးဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက်အင်္ဂလန်ကလပ်အသင်းကဲ့သို့ စံပြုလောက်စရာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့တယ်။ အခုစာချုပ်ကြောင့် မန်စီးတီးက တစ်ရာသီပေါင်သန်း ၆၀ တန်ကြေးရှိသဘောတူညီမှုကို Adidas နဲ့ပဲ ပြုလုပ်ထားတဲ့ ပြိုင်ဘက်လီဗာပူးကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

City Football Group အကြီးအကဲ ဆိုရီယာနိုက “ ကျွန်တော်တို့က မျှော်မှန်းထားတာထက် ပိုမိုသာလွန်ရေး၊ မိမိကိုယ်ကိုယ် ပြန်စိန်ခေါ်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေနဲ့အညီ Puma နဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီခြောက်ခုအတွင်း ဒီရည်မှန်းချက်တွေက ထပ်ခါတလဲလဲအောင်မြင်ခဲ့ပါတယ်။

Puma ကိုယ်တိုင်လည်း ကျွန်တော်တို့အသိုက်အဝန်းနဲ့ ချောချောမွေ့မွေ့ပူးပေါင်းနိုင်ခဲ့ပြီး ကမ္ဘာအနှံ့မှာရှိတဲ့ ပရိသတ်တွေအပေါ် ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိတဲ့ သမိုင်းဝင်အခိုက်အတန့်များစွာကို အတူတကွ ခံစားခဲ့ရပါတယ်”လို့ ဆိုပါတယ်။

Puma အမှုဆောင်အရာရှိချုပ် အာသာဟိုးလ်ကလည်း “ မန်စီးတီးနဲ့ Puma တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာပါ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ပိုင်းဆိုင်ရာထုတ်ကုန်နဲ့ စီးပွားရေးဆိုင်ရာအောင်မြင်မှုတွေအတွက် ပြီးပြည့်စုံတဲ့ အဆင့်တစ်ခုဖြစ်တဲ့ ဆုဖလားတွေကလည်း ထူးခြားပြောင်မြောက်လွန်းပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။