
ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပေမယ့် လူငယ်ကစားသမားလေးတွေရဲ့ ခြေစွမ်းကို အားရမိတယ်လို့ဆိုလာတဲ့ အာမိုရင်
တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို ၄-၃ နဲ့အရေးနိမ့်ခဲ့ပေမယ့် အသင်းနည်းပြ ရူဘင်အာမိုရင်ကတော့ လူငယ်ကစားသမားလေးတွေရဲ့ခြေစွမ်းကို အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုတစ်ပတ်သောကြာနေ့မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ နည်းပြအာမိုရင်အနေနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အဓိက ကစားသမားအချို့ကို အနားပေးခဲ့ပြီး ချီဒိုအိုဘီ၊ တိုင်လာဖရက်ဒရစ်ဆန်နဲ့ ဟာရီအားမက်စ်တို့လို လူငယ်ကစားသမားလေးတွေကို ပွဲထုတ်အသုံးပြုခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ပွဲအစမှာ ကွင်းလယ်လူမေဆင်မောင့်ရဲ့သွင်းဂိုးနဲ့ ဘရန့်ဖို့ဒ်ကို စောစောစီးစီးဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး ၄-၁ ဆိုတဲ့ရလဒ်အထိ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဂါနာချိုနဲ့ အာမက်ဒီယာလိုတို့က ၁ ဂိုးစီထပ်မံသွင်းယူပေးခဲ့တာကြောင့် ၄-၃ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "လူငယ်ကစားသမားလေးတွေရဲ့ခြေစွမ်းကို ကျွန်တော်သဘောကျပါတယ်။ ပွဲကိုထိန်းချုပ်ပြီး ဦးဆောင်ဂိုသွင်းနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ပွဲအစ မိနစ် ၃၀ အတွင်းမှာတော့ တည်ကန်ဘောတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်"
"ဒုတိယပိုင်းမှာ သရေပြန်ရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် မဖြစ်သင့်တဲ့အမှားတွေကနေ ၂ ဂိုးအထိ ထပ်ပေးခဲ့ရပါတယ်။ကျွန်တော်တို့အဆုံးထိတိုက်ပွဲဝင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပေမယ့် အသင်းရဲ့တောက်ပတဲ့အနာဂတ်ကို ဒီပွဲမှာမြင်တွေ့ခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ကစားသမားအပြောင်းအလဲ အများအပြားပြုလုပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ပေါ်တူဂီသားနည်းပြက "အသင်းတစ်သင်းအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နားလည်ရပါမယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ လုပ်စရာတာဝန်တွေရှိနေပါတယ်။ မတူညီတဲ့ ပြိုင်ပွဲတွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတာပါ။အမှတ်ပေးဖလားအတွက်ယှဉ်ပြိုင်နေချိန်မှာ ဖိအားမရှိနိုင်ပေမယ့် အခုလို ရှုံးပွဲတွေကြုံတွေ့နေရတာကတော့ အသင်းအတွက် ဖိအားဖြစ်စေပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။