အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးကွင်းလယ်လူရိုဒရီ
မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီက ပြင်းထန်ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာမှ သက်သာလာပြီးနောက် သူ့ရဲ့အကောင်းဆုံးပုံစံဆီ ပြန်လည်ရောက်ရှိသွားမယ်လို့ ယုံကြည်နေပါတယ်။ ၂၀၂၄ ဘော်လွန်းဒီအော်ဆုရှင်ရိုဒရီက အခုဘောလုံးရာသီမကုန်ဆုံးခင် ဘောလုံးပြန်ကစားနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။
AS သတင်းဌာနနဲ့တွေ့ဆုံချိန် ရိုဒရီက “ မစိုးရိမ်မိပါဘူး။ ကျွန်တော်က ဘယ်လိုကစားသမားမျိုးလဲဆိုတာ ကျွန်တော်ကိုယ်တိုင်သိပါတယ်။ အခုလိုဒဏ်ရာမျိုးက နှစ် ၃၀ ကြာ ဖြတ်သန်းလာခဲ့ရတဲ့အတွေ့အကြုံနဲ့ မတူညီဘူးဆိုတာ သိပါတယ်။ အသင်းဆေးအဖွဲ့ကလည်း ကျွန်တော့်ကို စိတ်သက်သက်သာသာရှိနေဖို့ အားပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း မစိုးရိမ်သင့်ပါဘူး။ အနှောင့်အယှက်ကင်းကင်းနဲ့ ကျွန်တော်ပြန်လာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခြောက်လ၊ ခုနစ်လ၊ ရှစ်လလောက် အနားယူခဲ့ရပြီးနောက် အကောင်းဆုံးပုံစံပြန်ရဖို့ဆိုတာ သိပ်တော့ မလွယ်ကူပါဘူး။ ဖြည်းဖြည်းချင်းပဲ သွားရပါမယ်”လို့ ပြောပါတယ်။
သူ့ရဲ့ဘော်လွန်းဒီအော်အောင်နိုင်မှုအတွက် မန်စီးတီးအသင်းရဲ့ဂုဏ်ပြုပေးမှုပုံစံနဲ့ပတ်သက်လို့ ရိုဒရီက “ဒီလိုဂုဏ်ပြုပေးမှုက တကယ့်ကို ခွန်အားအပြည့်ဖြစ်စေခဲ့ပါတယ်။ ဒီဂုဏ်ပြုမှုပုံစံနဲ့ပတ်သက်ပြီး ကိုဗာဆစ်နဲ့တောင် စကားစမြည်ပြောဖြစ်ခဲ့ပါသေးတယ်။ သူက မက်ဒရစ်မှာ ကိုယ်တိုင်ကိုယ်ကျ ဘော်လွန်းဒီအော်ဆုရှင်ဂုဏ်ပြုမှုပုံစံတွေကို မြင်တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလိုဂုဏ်ပြုမှုပုံစံမျိုးကို သူ ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပါဘူးလို့ ကျွန်တော့်ဆီ ပြောပြခဲ့ပါတယ်။ မန်စီးတီးလိုပုံစံမျိုးနဲ့ ကစားသမားတစ်ဦးအပေါ် ဆက်ဆံပေးနိုင်တဲ့နေရာဆိုတာ အတော်လေးနည်းပါးပါတယ်။ ကျွန်တော်ကတော့ သူတို့လုပ်ပေးခဲ့တဲ့အရာအတွက် ထာဝရကျေးဇူးတင်နေပါလိမ့်မယ်”လို့ ပြောပါတယ်။