The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကိုယုံကြည်မှုမရှိတာကြောင့် လူစာရင်းကနေထုတ်ပယ်ထားခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားလိုက်တဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို လူစာရင်းမှထုတ်ပယ်ထားခြင်းမှာ ယုံကြည်မှုမရှိတာကြောင့်ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ရဲ့လူစာရင်းကနေ ကာလရှည်ချန်လှပ်ခံထားရတဲ့ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့ညက ဘရိုက်တန်ကို ၁-၃ နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။အဆုံးသတ်ပိုင်းညံ့ဖျင်းမှုနဲ့ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိတဲ့ ရက်ရှ်ဖို့ဒ်ယခုအခါမှာ ပွဲထွင်ကစားခွင့်မရရုံသာမက  အရန်စာရင်းကနေပါ ထုတ်ပယ်ခံထားရတာဖြစ်ပါတယ်။ 

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ရက်ရှ်ဖို့ဒ်ကိုချန်လှပ်ထားခြင်းနဲ့ပတ်သက်ပြီးအာမိုရင်က “အသင်းအတွက် မကစားဖို့ရွေးချယ်ခဲ့တာ သူပါ။ ဒီလိုဆိုးဝါးတဲ့အခြေအနေအပေါ်မှာ ကျွန်တော့်အနေနဲ့ အာရုံမစိုက်ချင်ပါဘူး။ အသင်းကလည်း ရှုံးနိမ့်ထားပါတယ်။ ဒီလိုအခြေအနေမှာ ရက်ရှ်ဖို့ဒ်ကိုလည်း အသင်းမှာမကစားစေချင်ပါတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ ကျွန်တော့်အတွက်တော့ မယုံကြည်ရတဲ့ကစားသမားကို အသင်းမှာမထည့်ထားတာက အသင်းအတွက်ပိုကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းခြေစွမ်းညံ့ဖျင်းမှုတွေကြောင့် အတော်လေးရုန်းကန်နေရပြီး ယမန်နေ့ညက ဘရိုက်တန်နဲ့ပွဲစဉ်မှာလည်း ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေကာ ယခုတစ်ပတ်အတွင်းမှာပဲ ယူနိုက်တက်နဲ့လမ်းခွဲကြောင်း ကြေညာဖို့ရှိနေပါတယ်။ 

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာရပ်တည်နေတာကြောင့် အာမိုရင်ကိုယ်တိုင်ကလည်း လက်ရှိယူနိုက်တက်ဟာ ကလပ်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးအသင်းဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရိန်းဂျားကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အိမ်ကွင်းမှာ အနိုင်ရလဒ်ကို ပြန်လည်ပုံဖော်သွားနိုင်မလား ဆက်လက်စောင့်ကြည့်ရပါမယ်။ အဆိုပါပွဲစဉ်အပြီး တနင်္လာနေ့မှာတော့ အာမိုရင်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။