The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်လိုကစားသမားသစ်ရောက်ရှိလာခြင်းက အသင်းအတွက်ကြီးမားတဲ့တွန်းအားဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ရိုဂျာစ်

အက်စတွန်ဗီလာကြယ်ပွင့် မော်ဂန်ရိုဂျာစ်က မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူလိုက်နိုင်ခြင်းက အသင်းအတွက် ကြီးမားတဲ့တွန်းအားဖြစ်စေနိုင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်မှာ နည်းပြရူဘင်အာမိုရင်နဲ့ အစေးမကပ်တဲ့ရက်ရှ်ဖို့ဒ်ကို ဆောင်းရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ အက်စတွန်ဗီလာက ၆ လသက်တမ်းရှိအငှားစာချုပ်နဲ့ခေါ်ယူခဲ့ပြီး အသင်းကို အင်အားဖြည့်တင်းခဲ့ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ အသင်းသစ်အတွက်ပထမဆုံးအကြိမ်အဖြစ် ဒုတိယပိုင်းမှာလူစားဝင်ပြီး ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အက်စတွန်ဗီလာဟာ ရက်ရှ်ဖို့ဒ်ကိုသာမက ပီအက်စ်ဂျီကစားသမား မာကိုအဆန်စီရိုကိုလည်း အငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းကလည်း တော့တင်ဟမ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ရက်ရှ်ဖို့ဒ်နဲ့အတူပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အက်စတွန်ဗီလာအတွက် ဒုတိယဂိုးကိုသွင်းယူပေးခဲ့တဲ့ ရိုဂျာစ်က အသင်းအနေနဲ့ အခုလို အတွေ့အကြုံရင့် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ခြင်းက ဥရောပပြိုင်ပွဲအတွက် အထောက်အကူပြုလုပ်နိုင်တယ်လို့ သုံးသပ်ပြောကြားလာခဲ့ပါတယ်။ 

တော့တင်ဟမ်နဲ့ပွဲစဉ်အပြီးမှာ စွယ်စုံရကွင်းလယ်လူက "ကစားသမားသစ်တွေရောက်ရှိလာတာ အသင်းအတွက် တွန်းအားအများကြီးပေးနိုင်ပါတယ်။ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံရင့် ကစားသမားတွေဆီက သင်ယူနိုင်ဖို့လိုအပ်ပြီး အခုတော့ သူတို့က အသင်းကိုရောက်ရှိလာခဲ့ပါပြီ။ အသင်းကို တည်ဆောက်ဖို့ ဒီလိုကစားသမားတွေက ကြီးမားတဲ့တွန်းအားဖြစ်လာမှာပါ။ ဒီပွဲမှာ ကျွန်တော်သွင်းယူခဲ့တဲ့ ဒုတိယဂိုးက အရမ်းအရေးကြီးပါတယ်။ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် ပွဲကိုစောစောစီးစီးမဖြတ်နိုင်ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ထားနိုင်တဲ့ အူနိုင်းအမ်မရီရဲ့ ဗီလာဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားရဦးမှာဖြစ်ပါတယ်။