
ဖုန်းထဲမှာ ဘာစီလိုပရိသတ်တွေရဲ့ဂုဏ်ပြုမက်ဆေ့ချ်တွေ အပြည့်ပဲလို့ ဆိုလာတဲ့ လူးဝစ်အင်းနရစ်
ဒီနေ့မနက်ပိုင်း၊ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အပြတ်အသတ်ချေမှုန်းပြီးနောက် လူးဝစ်အင်းနရစ်ရဲ့ပီအက်စ်ဂျီအသင်းက ဖိုင်နယ်ပွဲစဉ်ဆီ တက်ရောက်သွားခဲ့ပါတယ်။ ပွဲစဉ်အပြီး ဘာစီလိုနာနည်းပြဟောင်းက အခုပွဲစဉ်ရလဒ်အပေါ် ကျေနပ်အားရနေသူတွေထံမှ ဂုဏ်ပြုမက်ဆေ့ချ်စကားတွေ ဖုန်းထဲမှာ အမြောက်အများရောက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း သူက “ ကျွန်တော့်ရဲ့ဖုန်းထဲမှာ ဘာစီလိုနာပရိသတ်တွေရဲ့ဂုဏ်ပြုမက်ဆေ့ချ် အမြောက်အများရောက်ရှိလာပါတယ်။ ရီးရဲလ်မက်ဒရစ်က အရမ်းကောင်းခဲ့တဲ့၊ အရမ်းကောင်းနေတဲ့၊ အရမ်းကောင်းလာဦးမယ့် ပြိုင်ဘက်အသင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ရပ်တန့်သွားဖို့ မရှိပါဘူး။ ကစားသမားအချို့အတွက်တော့ အနားယူချိန် လိုအပ်နေပါတယ်။အလွန်အမင်းပင်ပန်းနွမ်းလျမှုမျိုး ဖြစ်နိုင်ပါတယ်။ အခုတော့ ပထမဆုံးရည်မှန်းချက်က ဗိုလ်လုပွဲအတွက် ပုံစံကောင်းရှိနေဖို့ပါပဲ။ ထိပ်တန်းပြိုင်ပွဲတစ်ခုမှာ အနားယူချိန်ဆိုတာ မရှိပါဘူး”လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ပီအက်စ်ဂျီက ချဲလ်ဆီးနဲ့အတူ လာမယ့်တနင်္ဂနွေနေ့မှာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဆင်နွှဲသွားပါမယ်။ ဒီပြိုင်ဘက်နှစ်သင်းလုံးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်မစတင်ခင် အနားယူချိန် အနည်းငယ်သာ ရရှိပါလိမ့်မယ်။