The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ကိုယ့်အသင်းကိုယ်ပဲ အပြစ်တင်လာတဲ့ အီဘရာဟီမိုဗစ်

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ဖီယင်နုကို ၁-၁ နဲ့သရေကျကာ နှစ်ကျော့ပေါင်းရလဒ် ၁-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အေစီမီလန်ဂန္ထဝင်ကစားသမားဟောင်း ဇလာတန်အီဘရာဟီမိုဗစ်က ကိုယ့်အသင်းပေါ်ပဲ ပြန်လည်အပြစ်တင်လာခဲ့ပါတယ်။ 

ဆန်စီရိုမှာယှဉ်ပြိုင်ခဲ့တဲ့ ယခုပွဲစဉ်မှာ အေစီမီလန်ဟာ ပွဲအစ ၁ မိနစ်မှာပဲ ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစ နောက်ခံလူ သီယိုဟာနန်ဒက်ဇ် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာတော့ ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပြီး ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ အေစီမီလန်ရဲ့ အကြီးတန်းအကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ အီဘရာဟီမိုဗစ်က သူ့ရဲ့အသင်းဟာ ဖီယင်နုထက်ပိုကောင်းခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ထိုက်တန်ခဲ့ပေမယ့် အမှားတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

ယခုပွဲစဉ်မှာ အေစီမီလန်အတွက် ဦးဆောင်ဂိုးကို ပြီးခဲ့တဲ့ ဇန်နဝါရီက ဖီယင်နုမှခေါ်ဆောင်ထားခဲ့တဲ့ တိုက်စစ်မှူး ဂျင်မီနက်ဇ်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပထမအကျော့မှာရှုံးနိမ့်ထားခဲ့တဲ့ အေစီမီလန်အနေနဲ့ ဒုတိယအကျော့မှာ မဖြစ်မနေနိုင်ပွဲဖော်ဆောင်ဖို့လိုအပ်ခဲ့ပေမယ့် ယခုအခါမှာတော့ သရေရလဒ်ကိုသာ ရရှိခဲ့တာကြောင့် ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အီဘရာဟီမိုဗစ်က "ဖီယင်နုက ကျွန်တော်တို့ထက်ပိုမကောင်းပါဘူး။ ကျွန်တော်တို့က အမှားတွေကို ကိုယ်တိုင်ပဲပြုလုပ်ခဲ့လို့ပါ။ ဒီအတွက်စိတ်ပျက်မိပါတယ်။ ကွင်းလယ်ဒိုင်က သီယိုကို သတိပေးတာမျိုးမလုပ်ခဲ့ပါဘူး။ သီယိုကလည်း မင်းသားတစ်ယောက်မဟုတ်ပါဘူး။ သူက အကောင်းဆုံးလုပ်ခဲ့ရုံပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ အေစီမီလန်အနေနဲ့ အခုချိန်ကစပြီး ပြည်တွင်းစီးရီးအေလိဂ်ကို အပြည့်အဝအာရုံစိုက်သွားရတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အေစီမီလန်ဟာ စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာသာရပ်တည်နေလို့ ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဖို့တောင် အတော်လေးကြိုးစားရုန်းကန်သွားရဖို့ရှိနေပါတယ်။သို့သော်လည်း အီဘရာဟီမိုဗစ်ရဲ့အသင်းဟာ ယခုရာသီမှာ စူပါကိုပါအီတာလီယာနာဖလားကို ဆွတ်ခူးထားပြီးဖြစ်သလို၊ ကိုပါအီတလီယာပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားနိုင်ပြီဖြစ်လို့ ဆုဖလား ၂ လုံးနဲ့ ရာသီသိမ်းနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။