The network connection is lost.

Banner Image

ကိုနာတေး၊ ဖလော်ရီယန်ဝစ်ဇ်တို့ရဲ့နောက်ဆုံးအခြေအနေကို ရှင်းပြလာတဲ့ အန်းစလော့

အာဆင်နယ်အပေါ် လီဗာပူးတို့ ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီး အန်းစလော့က ကိုနာတေး၊ ဖလော်ရီယန်ဝစ်ဇ်တို့ရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ထုတ်ဖော်ပြောပြလာပါတယ်။ အန်ဖီးလ်ကွင်းပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ ဒီကစားသမားနှစ်ဦးလုံး ကွင်းပြင်ဆီ ထွက်ခွာပေးခဲ့ရပေမယ့် နည်းပြကိုယ်တိုင်ကတော့ ပြဿနာကြီးကြီးမားမားမရှိဘူးလို့ အကောင်းမြင်စိတ်အပြည့်နဲ့ ရှုမြင်ထားခဲ့ပါတယ်။

ကိုနာတေးနဲ့ပတ်သက်ပြီး အန်းစလော့က “ ကိုနာတေးကိုယ်တိုင်က ကြွက်တက်နေတယ်လို့ ယူဆခဲ့ပါတယ်။ သူ့အပေါ် ကျွန်တော် သံသယဖြစ်စရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် တခါတရံမှာ ကစားသမားတွေက ကြွက်တက်တယ်လို့ပြောကြပြီး ဓါတ်မှန်ရိုက်စစ်ဆေးကြည့်လိုက်ချိန်မှ အဲ့ဒီထက်ပိုနေတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။

ဘုန်းမောက်နဲ့ပွဲစဉ်မှာ ကျွန်တော် လူစားလဲလှယ်လိုက်ချိန် ဖရင်းပေါင်လည်း အခြားသတင်းစာဆရာတွေလိုပဲ မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကြွက်တက်တယ်ဆိုတာလောက်ပဲ ယူဆထားလို့ပါ။ အခုတော့ သီတင်းပတ် နှစ်ပတ်၊ သုံးပတ်လောက် သူ အနားယူရပါလိမ့်မယ်။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။

အပေါင်းလက္ခဏာဆောင်တဲ့အချက်ကိုပြောရမယ်ဆိုရင် ဂျိုးဂိုးမက်ဇ်ကစားခဲ့ရတဲ့ ပွဲချိန် ၁၅ မိနစ်တာ ကာလပါပဲ။ ဖရင်းပေါင်ဒဏ်ရာရရှိနေမှုနဲ့အတူ အသင်းလူစာရင်းမှာ ကစားသမားတစ်ဦးကို မဖြစ်မနေချန်လှပ်ထားခဲ့ဖို့ လိုအပ်တာကြောင့် ဒီနေ့အတွက် ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကို ကျွန်တော် လုပ်ခဲ့ရပါတယ်။ ဒါကြောင့် အသင်းလူစာရင်းအတွက်ပဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရတာပါ။

ကံကောင်းတဲ့အချက်ကတော့ ဗဟိုခံစစ်မှူးလီအိုနီ ဖြစ်နေခြင်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ ဒီနေရာမှာ ပြီးပြည့်စုံမှုရှိရှိ အစားထိုးနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ အလားတူ ဖလော်ရီယန်ဝစ်ဇ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အန်းစလော့က “ ဒါက ဒဏ်ရာတစ်ခုမဟုတ်ဘဲ ပရီးမီးယားလိဂ်ရဲ့ကြိုဆိုမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၈၅ မိနစ်လောက်ကစားပြီးချိန်မှာ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင်လည်း သူကိုယ့်သူ ကြွက်တက်လာနိုင်တယ်ဆိုတာကို သိထားလိမ့်မယ်လို့ မထင်ပါဘူး။ အဖြစ်အပျက်က ဒီလောက်ပါပဲ။ ဒါက ပရီးမီးယားလိဂ်ရဲ့ကြိုဆိုခန်းဖြစ်ပြီး အာဆင်နယ်လို အပြင်းအထန်ကစားနိုင်တဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် အခုလိုပြင်းထန်မှုမျိုးနဲ့ကြုံတွေ့ရတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။

ဖလော်ရီယန်ဝစ်ဇ်[ ၂၂ နှစ်]၊ အီကီတီကီ[၂၃ နှစ်] တို့လို အခြားလိဂ်တွေဆီမှ အရည်အသွေးရှိပြီးသား အလွန်ကောင်းမွန်တဲ့ကစားသမားတွေကို ခေါ်ယူထားမယ်ဆိုရင် ဒါက သာမန်အခြေအနေလို့ပဲ ယူဆထားပါတယ်။ အသက်-၂၇ နှစ်၊ ၂၈ နှစ်လောက်မဟုတ်ဘူးဆိုရင်တော့ ပရီးမီးယားလိဂ်မှာအသားကျဖို့ နောက်ထပ်ခြေလှမ်းသစ်တစ်ခု မဖြစ်မနေလိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။ ဒါကိုပဲ ဒီကစားသမားနှစ်ဦးလုံး လုပ်ဆောင်နေပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။