ပြင်သစ်လက်ရွေးစင်တာဝန်ထမ်းဆောင်မယ့် အမ်ဘာပေရဲ့ စိတ်ဓါတ်ပိုင်းအခြေအနေ ကောင်းမွန်နေတယ်လို့ ကိုနာတေး ထောက်ခံပြောဆို
ဘော်လွန်းဒီအော်ဆုနဲ့ လွဲချော်ခဲ့သလို မော်စီတုံးနဲ့ပတ်သက်လို့ ပြောဆိုချက်တွေကြောင့် တရုတ်နိုင်ငံအတွင်း အငြင်းပွားဖွယ်ကိစ္စတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ နိုင်ငံ့လက်ရွေးစင်အသင်းဆီ ပြန်လည်ရောက်ရှိလာတဲ့ အမ်ဘာပေရဲ့ စိတ်ဓါတ်ပိုင်းအခြေအနေ ကောင်းမွန်နေတယ်လို့ ပြင်သစ်နောက်ခံလူကိုနာတေးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒဏ်ရာကြောင့် ပြင်သစ်အသင်းအတွက် နောက်ဆုံးသုံးပွဲဆက် လွဲချော်ခဲ့တဲ့ အမ်ဘာပေက အခုသီတင်းပတ်အတွင်း အီတလီ၊ တူရကီတို့နဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေမတိုင်ခင် နည်းပြဇီဒန်းရဲ့လူစာရင်းဆီ ပြန်လည်ပါဝင်လာပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ အမ်ဘာပေနဲ့တွဲဖက်ကစားနေတဲ့ ကိုနာတေးက "အမ်ဘာပေမှာ အရမ်းကောင်းမွန်တဲ့ စိတ်ဓါတ်ပိုင်းအခြေအနေ ရှိနေပါတယ်။ သူ့ရဲ့လတ်တလောပွဲစဉ်တွေကို ကြည့်မယ်ဆိုရင် ဒါကို မြင်တွေ့နိုင်ပါတယ်။ သူက အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက်ဆိုရင် အမ်ဘာပေဆိုတာ အလွန်အရေးပါလွန်းသူ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ အမ်ဘာပေက အင်္ဂလန်နဲ့ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းကို မကျော်ဖြတ်နိုင်လို့ ဘော်လွန်းဒီအော်ဆုနဲ့ လွဲချော်ခဲ့သလို တရုတ်ခေါင်းဆောင်ကြီးမော်စီတုံးနဲ့ပတ်သက်လို့ အရွှမ်းဖောက်ဟာသလုပ်ခဲ့တဲ့ ဗီဒီယိုတစ်ခုကြောင့် လူမှုကွန်ရက်မှာ အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပြင်သစ်ကြယ်ပွင့်က သူ့ရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
လက်ရှိမှာ ပြန်လည်ဖြုတ်ချလိုက်ပြီဖြစ်တဲ့ ပြင်သစ်အစီအစဉ် "The Bridge" နဲ့ အင်တာဗျူးဗီဒီယိုအပိုင်းအစတစ်ခုမှာ မော်စီတုန်းကို ထင်ထင်ရှားရှား ရည်ညွှန်းပြီး "တရုတ်အာဏာရှင်တစ်ဦးလို့ ထင်ရတဲ့ လူတစ်ယောက်ရဲ့ ပုံပေါ်မှာ" သူ့ရဲ့ မျက်နှာကို ဖိုတိုရှော့ဖြင့် တွဲစပ်ထားတဲ့ meme ပုံစံတစ်ခုကို ကြည့်ကာ သဘောကျရယ်မောမိတယ်လို့ အမ်ဘာပေက ပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ တရုတ်ထိပ်တန်းအမှတ်တံဆိပ်ကြီးတွေက အသက် ၂၇ နှစ်အရွယ် ကစားသမားနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းခဲ့ကြသလို နိုင်ငံပိုင်ရုပ်သံလိုင်း CCTV ကလည်း လာလီဂါပွဲစဉ်တွေကို ပြသခွင့် ရပ်ဆိုင်းခဲ့ပါတယ်။
လတ်တလောမှာ ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်တဲ့ စိတ်ပျက်ဝမ်းနည်းမှုမှန်သမျှကို ၂၀၁၈ ကမ္ဘာ့ဖလားဆုရှင်အမ်ဘာပေ အပြီးအပိုင် မေ့ဖျောက်ထားနိုင်ခဲ့ပြီလို့ ကိုနာတေးက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
လီဗာပူးဗဟိုနောက်ခံလူဟောင်းက " အမ်ဘာပေဆိုတာ ပြိုင်ဆိုင်မှုပြင်းထန်လွန်းသူတစ်ဦးပါ။ ဒါကြောင့် သူနဲ့ အပြည့်အ၀ထိုက်တန်နေချိန်မှာတောင် ဘော်လွန်းဒီအော်ဆုနဲ့ လွဲချော်ခဲ့တယ်ဆိုတာ ခက်ခဲတဲ့ကိစ္စ ဖြစ်ပေမဲ့ နောက်တစ်ရက်မှာတင် လေ့ကျင့်ရေးကွင်းအတွင်း သူ အစွမ်းကုန်ကြိုးစားပေးဆပ်လေ့ကျင့်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ ဒီဆုကို ဆွတ်ခူးနိုင်ဖို့ သူ့ရဲ့ခြေစွမ်းပိုင်း ထိပ်တန်းအဆင့်မှာ ရှိနေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။